အခြေခံသမဝါယမအသင်းများ၏ ဝင်ငွေနှင့် အသုံးစရိတ်များ ရရှိသုံးစွဲမှု ချပြရှင်းလင်း ခြင်းဆောင်ရွက်

ဝါးခယ်မ အောက်တိုဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်တွင် (၁၃) ကြိမ်မြောက် Exim Bank ချေးငွေနှင့် ပတ်သက်၍ အပြေအကြေပေးဆပ်ကြသော အခြေခံသမဝါယမအသင်းများ၏ ဝင်ငွေနှင့် အသုံးစရိတ်များ ရရှိသုံးစွဲမှု  ချပြရှင်းလင်း ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ် ၁၉ ရောဂါ ကြိုတင် ကာကွယ်မှုများနှင့်အညီ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးသက်က Exim Bank ချေးငွေနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ မြို့နယ်သမဝါယမ အသင်းအနေဖြင့် လက်ရှိ ဆောင်ရွက်ပေးနေမှုများ၊ အခြေခံသမဝါယမအသင်းများအနေဖြင့် (၁၃) ကြိမ်မြောက် Exim Bank ချေးငွေနှင့် ပတ်သက်ပြီး အပြေအကြေပေးဆပ်ခဲ့မှုကို ကျေးဇူးတင်ရှိကြောင်း၊ ချေးငွေပေးဆပ်မှုနှင့် ပတ်သက်၍ အမှုဆောင်များအနေဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့မှုအပေါ် ကြိုးပမ်းဆောင်ရွက်ခများ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးတင်ဝင်းက (၁၃)ကြိမ်မြောက် Exim Bank ချေးငွေ နှင့် ပတ်သက်၍ ထုတ်ချေးပေးခဲ့မှု အခြေအနေများ၊ ပြန်လည်ပေးဆပ်ခဲ့မှု အခြေအနေများ၊ အခြေခံသမဝါယမ အသင်းများ၏ ဝင်ငွေရရှိမှု အခြေအနေများ၊ အသုံးစရိတ် ကျခံသုံးစွဲမှု အခြေအနေ များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော မြို့နယ်အတွင်းရှိ အခြေခံသမဝါယမ အသင်းများ မှ အမှုဆောင်များက သိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ကြသည်။

ဝါးခယ်မမြို့နယ် သမဝါယမအသင်းစု၏ အသေးစားချေးငွေလုပ်ငန်းဖြစ်သည့်  (၁၃) ကြိမ်မြောက် Exim Bank ချေးငွေကို ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ မြို့နယ်အတွင်းမှ  အခြေခံ စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းပေါင်း ၂၂၆ သင်း၊ အသင်းသားအနေဖြင့် ၁၄၂၀၆ ဦးအတွက် ချေးငွေကျပ် (၂၈၅၃၇ ဒသမ ၆၄၁၉၁) သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း၊ အသင်းသားများ အတွက်  စုဆောင်ငွေအပေါ် အတိုးရငွေကျပ် (၁၀၅၁ ဒသမ ၇၄၀၃၄) သိန်း ရရှိကြောင်း၊ အမှုဆောင် များ၏ ကြိုးပမ်းဆောင်ရွက်ခ ကျပ် (၂၇၉ ဒသမ ၃၉) သိန်းကို တာဝန်ရှိသူများက အခြေခံသမဝါယမ အသင်းများမှ အမှုဆောင်များ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြကြောင်း သိရသည်။

လွှမ်းသီဟ(ပြန်/ဆက်)