အောင်လံမြို့နယ် အ.ထ.က-ခွဲ(မိုးကောင်း)ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

အောင်လံ ဒီဇင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ် အ.ထ.က-ခွဲ(မိုးကောင်း) အခြေခံပညာအထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီတွင် လူငယ်စကားဝိုင်း ကျင်းပသည်။

အခမ်းအနားတွင် အ.ထ.က-ခွဲ(မိုးကောင်း)ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးမာလာထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးမျိုးသိန်းက လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

လူငယ်စကားဝိုင်းကို Moderator အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အောင်လံမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးမျိုးသိန်းက ဆောင်ရွက်ပြီး လူငယ်နှင့်သတ္တိ၊ လူငယ်နှင့် အချိန်၏ တန်ဖိုး၊ လူငယ်နှင့်စာပေ ခေါင်းစဉ်များဖြင့် ဆွေးနွေးကာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ ဦးဆောင် ဆွေးနွေးသူများက သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးကြသည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော လူကုန်ကူးမှုအန္တရာယ်အသိပညာပေး၊ “ဗဟုသုတကြွယ်ဝဖို့ စာကြည့်တိုက်ကိုသွားကြစို့” အသိပညာပေးနံရံကပ်စာစောင်များကို တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အောင်လံ(ပြန်/ဆက်)