ဝန်းသိုမြို့နယ်အတွင်း ကျေးရွာပေါင်း(၇၁)ရွာတွင် ရေအရည်အသွေး စမ်းသပ်စစ်ဆေးပြီးဖြစ်

ဝန်းသို အောက်တိုဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ကျေးလက်နေပြည်သူများ နေ့စဉ်သောက်သုံး နေကြသည့် ရေများတွင် ဝမ်းပျက်၊ ဝမ်းလျှောဖြစ်စေတတ်သော ဘက်တီးရီးယား ရောဂါပိုး ပါဝင်ခြင်းရှိ/မရှိ Ecoli Test Kit များဖြင့် ရေအရည်အသွေး စမ်းသပ်စစ်ဆေးခြင်း လုပ်ငန်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိရာ ကျေးရွာပေါင်း ၇၁ ရွာ၌ စစ်ဆေးပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

ဝန်းသိုမြို့နယ်တွင် ၂၀၁၂-၂၀၁၃ ခုဘဏ္ဍာရေးနှစ်မှ စတင်၍ ကျေးရွာပေါင်း(၁၀၂)ရွာတို့တွင် ‌သောက်သုံးရေရရှိရေး လုပ်ငန်းများကို နှစ်စဉ် ဘတ်ဂျက်လျာထား ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ရေအရည်အသွေး စမ်းသပ် စစ်ဆေးခြင်း လုပ်ငန်းကို ကျေးလက်နေပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်‌သည့် သန့်ရှင်းသော သောက်သုံးရေကို ရရှိသုံးစွဲ နိုင်စေရန် ရည်ရွယ်၍ လက်ရှိသောက်သုံးရေများတွင် ဝမ်းပျက်ဝမ်းလျှော ဖြစ်တတ်သော ရောဂါပိုးပါဝင်ခြင်းရှိ/မရှိ စစ်ဆေးခြင်း ဖြစ်ကြောင်း၊ စစ်ဆေးရာတွင် (၂)ရက်အကြာ သင့်တင့်သော အပူချိန်၌ ထားပြီးမှသာ အဖြေသိရှိရပြီး Data Entry ရေးသွင်းခြင်း ဆောင်ရွက်ရကြောင်း မြို့နယ် ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။

ဝန်းသိုမြို့နယ်တွင် ကျေးရွာပေါင်း (၁၇၉)ရွာရှိရာ ကျေးလက်ဒေသများ၏ ရေသုံးစွဲမှုအခြေအနေများကို RWS MIS Mobile Application  အသုံးပြု၍ ကျေးရွာပေါင်း(၈၇)ရွာတွင် ကောက်ယူပြီးစီးပြီဖြစ်ကြောင်း၊ ယခု Ecoli Test Kit များဖြင့် ရေအရည်အသွေး စမ်းသပ်စစ်ဆေးခြင်း လုပ်ငန်းကို ‌ပထမအကြိမ် ကျေးရွာ ပေါင်း(၉၀) စစ်ဆေးရန် လျာထား ဆောင်ရွက်ရာတွင် ကျေးရွာ(၇၁)ရွာကို စမ်းသပ်စစ်ဆေးပြီးစီး၍ Data Entry ရေးသွင်းဆောင်ရွက် ထားရှိပြီးဖြစ်ကြောင်း သိရသည်။

ကျော်မြိုင် (ပြန်/ဆက်)