ပွင့်ဖြူမြို့ ကံ့ကော်လမ်းအား ပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေး

ပွင့်ဖြူ ဒီဇင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဌာန၏ ဒေသဖွံ့ဖြိုးရေး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ပွင့်ဖြူမြို့၊ ကံ့ကော်လမ်းအား ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် တာဝန်ရှိသူများက လုပ်ငန်းအရည်အသွေး ပြည့်မီရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ပွင့်ဖြူမြို့၊ ကံ့ကော်လမ်း အရှည်ပေ ၅၇၀ အား အကျယ် ၁၈ ပေ၊ အမြင့် ၉ လက်မ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဌာန၏ ဒေသဖွံ့ဖြိုးရေး ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၂၀ သန်းဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာများ၏ ကြီးကြပ်မှုဖြင့် နိုဝင်ဘာ ၂၉ ရက်နေ့က လုပ်ငန်းစတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရကာ ယင်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းအား ယခုလ ၇ ရက်နေ့တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယမန်နေ့က အဆိုပါ ကတ္တရာလမ်း အဆင့်မြှင့်တင် ဆောင်ရွက်နေမှုအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ လုပ်ငန်းအရည်အသွေး ပြည့်မီစွာ အချိန်မီ ဆောင်ရွက်ပြီးစီးရေးအတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် ကော်မတီဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ တာဝန်ခံအင်ဂျင်နီယာ ဦးဇော်မင်းဦးနှင့် ဝန်ထမ်းများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် အချိန်မီပြီးစီးရေး ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကတ္တရာလမ်း လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းအား ပြည်သူများ ရေရှည်အသုံးပြု သွားလာနိုင်ရေးအတွက် အရည်အသွေးပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။  

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )