ဆင်ပေါင်ဝဲ နိုဝင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ကျေးလက်လမ်းဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေများဖြင့် မြို့နယ် အတွင်း၌ ကျေးလက်လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဇီးဖြူပင်ချောင်းရေကျော် သံကူကွန်ကရစ်ကြမ်းခင်း ရေကျော်တည်ဆောက်နေမှုအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးလင်းထွဋ်နှင့် တာဝန်ရှိသူများက နိုဝင်ဘာ ၂၉ ရက် မွန်းလွဲ (၃)နာရီအချိန်က သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးလင်းထွဋ်သည် ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသော ဆင်ပေါင်ဝဲ-ကိုးပင်လမ်းနှင့် ကျွဲခြံကျေးရွာဆက်လမ်းအား မြေသားတာဘောင်ချဲ့၍ မြေနီခင်းခြင်းလုပ်ငန်းအား ကြည့်ရှူစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးသည် တိုင်းဒေသကြီးလမ်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ ခရိုင်လမ်ဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌတို့နှင့်အတူ ဆင်ပေါင်ဝဲမြို့နယ် ဆင်ပေါင်ဝဲ-တောညောင်ပင်သာလမ်းရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်သန်း (၃၅၀.၀၀)ဖြင့် (၁ဝ' x ၅'x ၂၈')RCC Box Culvert Culvert (၃)စင်းပါ အရှည် (၁၈၀)ပေရှိသော ဇီးဖြူပင်ချောင်းရေကျော် သံကူကွန်ကရစ်ကြမ်းခင်း ရေကျော်တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးရာ မြို့နယ်လမ်းဦးစီးဌာနဦးစီးအရာရှိက လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ထားသော စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ အရည်အသွေးများပြည့်မီရေးနှင့် အချိန်မီပြီးစီးရေးတို့အတွက် ဆောင်ရွက်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ထို့အပြင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဒေသတစ်ခုဖွံ့ဖြိုးရေးအတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုသည် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှသာ ကျေးလက်နေပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးစသည့် လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတက်တက်လာမှာဖြစ်ပါကြောင်း၊ ကျေးလက်လမ်းများကို ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဆောက်လုပ်ရေးကုမ္ပဏီများက လမ်းအရည်အသွေးကောင်းမွန်ရေးနှင့် လမ်းရေရှည်တည်တံ့ခိုင်မြဲရေးတို့ကို ဦးစားပေးဆောင်ရွက်ရန် အထူးလိုအပ်ပြီး၊ လမ်းပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း နှစ်စဉ်ကြီးကြပ်ဆောင်ရွက်သွားရန်နှင့် ကျေးရွာများတွင် အမှန်တကယ် လိုအပ်နေသော ကျေးလက်လမ်းများကို ဘဏ္ဍာနှစ်အလိုက် နှစ်စဥ်ရရှိအောင် တင်ပြဆောင်ရွက်သွားရန် မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)