ချောင်းသာ၌ အမှိုက်စို၊ အမှိုက်ခြောက်ခွဲခြားစွန့်ပစ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

ချောင်းသာ နိုဝင်ဘာ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးနှင့် မြို့/ရွာ သန့်ရှင်းသာယာရေးအတွက် အမှိုက်စနစ်တကျစွန့်ပစ်ရေးနှင့် အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားစွန့်ပစ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီက (အ.မ.က) ချောင်းသာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ (အ.မ.က) ချောင်းသာ ကျောင်းအုပ်ဆရာကြီး ဦးအောင်သက်ဦးက နုတ်ခွန်းဆက် အမှာစကားပြောကြားပြီး ရွှေသောင်ယံမြို့စည်ပင်သာယာရေးအဖွဲ့ ခေတ္တအမှုဆောင်အရာရှိ ဦးစိုးမိုးကျော်က အမှိုက်စနစ်တကျစွန့်ပစ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် မီးဖိုချောင်ထွက်အမှိုက်၊ စက်ရုံ၊ အလုပ်ရုံထွက်အမှိုက်၊ အဆောက်အဦးတည်ဆောက်ရေး လုပ်ငန်းထွက်အမှိုက်၊ လမ်းသွား၊လမ်းလာစွန့်ပစ်အမှိုက်၊ နေအိမ်ခြံဝန်းထွက်အမှိုက်၊ နေ့စဥ်စျေးထွက်အမှိုက်၊ စီးပွားထွက်အမှိုက်၊ ဆေးရုံ၊ဆေးပေးခန်းထွက်အမှိုက် စသည့်အမှိုက်အမျိုးအစားများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားစွန်ပစ်နိုင်စေရေး၊ ပလတ်စတစ်သုံးစွဲမှု လျှော့ချနိုင်သည့် နည်းလမ်းများနှင့် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်း၏ ဆိုးကျိုးများအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး မြို့စည်ပင်သာယာ‌ရေးအဖွဲ့များက စနစ်တကျအမှိုက်စွန့်ပစ်ရေး နည်းလမ်းများအား လက်တွေ့သရုပ်ပြသပေးခဲ့ပြီး သိရှိလိုသည့်ဆွေးနွေးမေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။

ကျော်ကျော် (ပြန်/ဆက်)