ပေါက် အောက်တိုဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲရုံသုံးပစ္စည်းနှင့် မဲလက်မှတ်များ သယ်ယူ ပို့ဆောင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေပေါက်ပင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ရွေးကောက်ပွဲ တာဝန်ထမ်းဆောင်ကြရမည့် ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေးကြရေးအတွက် သက်ဆိုင်ရာဌာနဆိုင် ရာအကြီးအမှူးများအနေဖြင့် စီစဉ်ဆောင်ရွက်ထားကြရန်နှင့် ရွေးကောက်ပွဲလုပ်ငန်း တာဝန်ကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဝန်ထမ်းများအားလုံး အလေးထား ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက မဲရုံသုံးပစ္စည်းနှင့်မဲလက်မှတ်များ သယ်ယူပို့ဆောင်ရေးလုပ်ငန်းစဉ်များကို အသေးစိတ် ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ ပေါက်မြို့မရဲစခန်း ဒုတိယစခန်းမှူးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဥမ္မာကျော်(ပြန်/ဆက်)