ဇီးကုန်းမြို့နယ်တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချ

ဇီးကုန်း         အောက်တိုဘာ   ၂၄

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်    ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွား သင်တန်းအား ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ သင်တန်းပို့ချခဲ့သည်။

ရှေးဦးစွာ သာယာဝတီခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးမြင့်မောင်က သင်တန်းအဖွင့် အမှာစကားပြောကြားပြီး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်မိုးဦးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ဆုသန္တာနှင့်  ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးမြင့်ဇံတို့က မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ ရွေးကောက်ပွဲ မတိုင်ခင် လုပ်ဆောင်ရမည့် လုပ်ငန်းများ၊ မဲပေးခြင်းလုပ်ငန်းအဆင့်ဆင့်၊ ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှုများနှင့် ပြစ်မှု၊ ပြစ်ဒဏ်များကို ပို့ချပေးခဲ့ပြီး မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာဇော်နိုင်ဦးက ရွေးကောက်ပွဲနေ့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်၊ လမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်မိုးဦးက မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ၏ မဲပေးခြင်းလုပ်ငန်းစစ်ဆေးရမည့်အချက်များ၊ မဲရုံဖွင့်လှစ်ခြင်းပိတ်ခြင်း နှင့် မဲရေတွက်ခြင်း လုပ်ငန်းအဆင့်ဆင့်၊  ရွေးကောက်ပွဲဆိုင်ရာ ပုံစံဖြည့်သွင်းခြင်း၊ ပြုစုခြင်းနှင့်လုံခြုံရေး အိတ်များ ထုပ်ပိုးခြင်းများကို ပို့ချပေးခဲ့သည်။

အဆိုပါသင်တန်းကို တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၁)နယ်မြေအတွင်းရှိ မဲရုံမှူး၊ ဒုတိယမဲရုံမှူး (၅၄)ဦးကို အောက်တိုဘာ(၂၄)ရက်နေ့တွင်လည်းကောင်း၊ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၂) နယ်မြေအတွင်းရှိ မဲရုံမှူး၊ ဒုတိယမဲရုံမှူး (၅၆)ဦးကို အောက်တိုဘာ (၂၅)ရက်နေ့တွင်လည်းကောင်း နှစ်ဖွဲ့ခွဲ၍ သင်တန်းပို့ချပေးမည်ဖြစ်ကြောင်းနှင့် ဇီးကုန်းမြို့နယ်တွင် ကျေးရွာ/ရပ်ကွက်အုပ်စု (၃၄) အုပ်စု၌ မဲရုံပေါင်း(၅၅)ရုံ ဖွင့်လှစ်၍ မဲရုံအဖွဲ့ဝင်(၇၈၉)ဦးဖြင့် ရွေးကောက်ပွဲအောင်မြင်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တင့်ဆွေ(ပြန်ဆက်)