စုကလိ နိုဝင်ဘာ ၂၉
မြန်မာနိုင်ငံ၊ ကရင်ပြည်နယ် မြဝတီခရိုင်၊ စုကလိမြို့သည် မြဝတီမြို့မှ အရှေ့ဘက်အရပ်တွင်တည်ရှိပြီး မိုင်ပေါင်း အားဖြင့် (၅၄) မိုင်ခန့် အကွာအဝေးတွင် တည်ရှိပြီး ပင်လယ်ရေ မျက်နှာပြင် အမြင့်ပေ ( ၆၅၇၈ ) ပေခန့်တွင်တည်ရှိပြီး တောင်ပေါ်ကရင်(စကော ကရင်) လူမျိုးများ အများဆုံး နေထိုင်ကြပြီး တောင်ယာစိုက်ပျိုးခြင်းဖြင့် အသက်မွေး ဝမ်းကြောင်းဖြင့် ဖွဲ့စည်းထားသော မြို့တစ်မြို့ ဖြစ်သည်။ စုကလိမြို့ တာနောထကျေးရွာတွင်တည်ထား ကိုးကွယ်လျက်ရှိသော ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင် မုလအိစေတီတော်မှာ နာမည်ကျော်ကြား ထင်ရှားလှ သည်။ မြန်မာပြည်သူ/သားများသာမက ထိုင်းနိုင်ငံရှိလူမျိုးများပါ သက်ဝင်ယုံကြည်ကိုးကွယ်ကြသည်။
သမိုင်းဝင်မုလအိဆံတော်ရှင်စေတီတော်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း၆၅၇၈ ပေအမြင့်ရှိတောင်ထိပ်တွင်တည်ထားကိုးကွယ်ထားပါတယ်။ မြဝတီမြို့မှ(၃၈) မိုင်ခန့်အကွာရှိ ဥက္ကရစ်ထ ကျေးရွာမှ အရှေ့ဘက်သို့ ထွက်ခွာခဲ့ပြီး (၉)မိုင်ကျော်အကွာတွင် တာနောထတောင်ခြေသို့ ရောက်ရှိလာမည်ဖြစ်သည်။ ထို့နောက် တောင်ခြေ ရွာမှ တောင်ပေါ်ခရိးသို့ (၈.၉ )မိုင် အကွာ တောင်တက်ခရီးလမ်းသို့ တက်ရောက်ရမည် ဖြစ်သည်။မဟာသက္ကရာဇ် (၁၁၁)ခု ဘီစီ (၅၇၈) တွင် သုဝဏ္ဍဘူမိရဋ္ဌ သထုံဒေသကို အုပ်ချုပ်သော တိဿဓမ္မသီဟရာဇာမင်းသည် သုဓမ္မဝတီ သထုံပြည်သို့ ဘုရားရှင်ကြွရောက်တော်မူရာတွင် ကြီးကျယ်ထည်ဝါသော ပြဿဒ် ဇရပ်မဏ္ဍပ်တို့ကို တည်ဆောက် ၍ ပူဇော်ကြလေသည်။ ဒေသနယ်ပယ်အသီးသီးတို့မှ ရသေ့များကလည်း ဘုရားရှင်ကြွချီရာ သုဓမ္မဝတီ သထုံပြည် သို့ ကြွချီလာကြ၍ ဘုရားရှင်အား ဦးခိုက်ပူဇော်ကြလေသည်။ ဘုရားရှင်လည်း တရားဒေသနာဟောတော်မူပြီး၍ ရသေ့အပေါင်းတို့က ဘုရားရှင်ကိုယ်စား တစုံတရာသော ဓာတ်တော်မွေတော် ဆံတော်တို့ကို ပေးသနားတော် မူပါရန် လျှောက်ထားသော အခါ ဦးခေါင်း ထက်ဝယ်လက်ထိပ်တင်လျက် ဆံတော်တို့ကို ပေးသနားတော်မူရာတွင် ကျိုက်ထီးရိုးတောင်၌ နေထိုင်သောတိရဿရသေ့၊ ဇွဲကပင်တောင်တွင်နေထိုင်သော သီဟရသေ့နည်းတူ မုလအိတောင် မူလတောင်တို့မှ နေထိုင်သော နုရဒရသေ့နှင့် ကပ္ပရသေ့တို့လည်း ဘုရားရှင်၏ ဆံတော် တစ်ဆူစီကို ကိုးကွယ်ခွင့် ရရှိကြလေသည်။ မြတ်စွာဘုရားဆံတော်ကို ကိုးကွယ်ခွင့်ရရှိသော ကပ္ပရသေ့သည် မိမိတရား အားထုတ်သောတောင်၌ အကြီးအကျယ် တင့်တယ်ကောင်းမွန်စွာဌာပနာလိုသော ဆန္ဒရှိသဖြင့် ကျိတ်မြို့ကိုအစိုးရ သော ကလာပုမင်းနှင့် တိုင်ပင်ရာ သဘောတူညီပြီး မဟာသက္ကရာဇ် (၁၁၄) ဘီစီ (၅၇၈) နတ်တော်လတွင် အလှူ အတန်း ပွဲလန်းသဘင်တို့ဖြင့် ကြီးကျယ်ခမ်းနားစွာ ပြုလုပ်ပြီးလျှင် ကပ္ပရသေ့နှင့် ကလာပုမင်း ကိုယ်တိုင်ကြပ်မတ်၍ မုလအိတောင်ထိပ်တွင် ကျောက်တုံး ကျောက်ခဲ အင်္ဂတေ သရွတ်တို့ဖြင့် သုတ်လိမ်းကာ ဌာပနာတိုက်ကို ပြုလုပ်ကြလေသည်။ ရွှေကြုတ်ဖြင့် ဆံတော်ကို ဌာပနာ၍ ဘုရားရှင်၏ကိုယ်ပွားရုပ်တုတော်ကိုလည်း ဌာပနာလေ၏။ ပြီးလျှင် ကပ္ပရသေ့ရုပ်တု၊ ကုလာပုမင်းရုပ်တုတို့ကို ရွှေပန်းငွေပန်းဖြင့် ပူဇော်ပြီးကျောက်၊ သံ၊ ပတ္တမြား မြောက်မြားစွာကို ဌာပနာကြလေသည်။ ထိုသို့ ဌာပနာပြီးလျှင် တောင်ထိပ် ပြင်အကျယ်အားဖြင့် အနောက်အရပ်၌ အတောင်လေးဆယ်တောင်နှင့် မြောက်အရပ် ၌ ၂၅ တောင် ကျယ်ဝန်းသော နေရာ၌ ဖိနပ်တောင် ၁၀ တောင်ဉာဏ်တော် ၁၅တောင်ရှိသော ကျောက်စေတီတစ်ဆူကို တည်ထားကိုးကွယ်လေ၏။ ဘုရားစေတီဘွဲ့ တော် နာမည်သည်ကျိုက်မုလအိဟူ၍ အမည်တွင်လေ၏။ မြန်မာဘာသာအားဖြင့် အမြဲထင်ပေါ်သောဘုရား ဟူ၍ အဓိပ္ပာယ်ရသည်။မုလအိ စေတီတည်ရှိရာ တောင်ထိပ်သည် ၁၈၆၅ ခုနှစ်၌ နယ်ခြားမင်းကြီး လက်ဖတင်နင်ဖိုက်၏ တိုင်းတာချက်အရ ပင်လယ်ရေပြင်မှတောင်ထိပ် အထိ ပေပေါင်း ၆၀၀၀ ကျော်ရှိသည်ဟု သိရှိရလေသည်။ စေတီ တည်ရှိရာ ရင်ပြင်မှာ ရှေ့နောက် ပေ ၆၀ကျော်ပြီး တောင်မြောက်၃၈ပေသာကျယ်ဝန်းသည်။ မူလကမုလအိစေတီမှာ တစ်ဆူသာရှိသော်လည်း လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် စေတီငယ်တစ်ဆူ ထပ်မံတည်ဆောက်၍ မုလအိစေတီညီနောင်ဟူ၍ အမည်တွင်သည်။ မုလအိစေတီ တည်ရှိရာတောင်ထိပ်ပေါ်သို့ တက်ရောက်ရန် အလွန်ကျဉ်းမြောင်းသောချောက်ကမ်းပါး တောင်စွယ်တစ်နေရာကို ဖြတ်ကျော်ရသည်။ ထိုနေရာသည်တောင် အောက်မှလေများပြင်းထန်စွာ တိုက်ခတ်သဖြင့် စိတ်အားငယ်နုနယ်သည့် အမျိုးသမီးတို့မှာ စေတီရှိရာတောင်ထိပ် ပေါ်သို့မတက်ရောက်နိုင်ပဲအမျိုးသားတို့သာ တက်ရောက်နိုင်သည်။ ထို့ကြောင့် စေတီတော်မရောက်မှီ အမြင့်ပေ ၁၀၀ ကျော်၌ အမျိုးသမီးများ ဖူးမြော်ရန် ကိုယ်စား စေတီနှစ်ဆူကို တည်ထားပေးခြင်းဖြစ်သည်ဟု ဆိုကြလေသည်။ မုလအိစေတီ တည်ရှိရာ တောင်ထိပ်သည် တောင်၊ ချောက်ကမ်းပါးယံ၌ အလွန်မတ်စောက်၍ အဆင်းခက် လှသောနေရာတွင် ဇော်ဂျီဖိုထိုးရာနေရာ တွင်းဂူကြီးရှိလေသည်။ ခုထိတိုင် မည်သူတဦးတယောက်မျှ အရဲလွန်၍ မဆင်းဝံ့ သေးချေ။မိန်းမစေတီတည်ရှိရာ အောက်ဘက် တောင်ကမ်းပါးတွင် ကိုရင်ကြီးဂူ တည်ရှိလေသည်။ လွန်ခဲ့သောနှစ် ၃၀ကျော်ခန့်က ကိုရင်ကြီး သီတင်းသုံးခဲ့ရာဂူထဲ၌ သေတ္တာနှင့်သင်္ကန်း အပိုင်းစများကို တွေ့ရှိရသေးသည်။ ကျောက်သားအဖြစ်သာတည်နေသည့် မုလအိတောင်ထွတ်၏ အဖြောင့်အတိုင်း သွားလျှင်အလွန်ထူဆန်းသော နတ်ဘီလူးတောင်တည်ရှိပြီးအရှေ့စူးစူးအရပ်တွင် မြန်မာလေးတိုင်အထွာ ၈ မိုင်အကွာ၌မုလအတောင်တော် တည်ရှိလေသည်။
မုလအိစေတီတည်၍ မုလအိ တောင်အမည်တွင်သောတောင်၏ ထူးဆန်းမှု တရပ်မှာသစ်ခွပန်း မျိုးစုံ ပေါက်၍ ဆေးဖက်ဝင်သော အပင်တို့လည်းများစွာရှိလေသည်။ သစ်မင်း သစ်မင်းရာဇာ၊ တောင်ကလယ် ဝေးစသည်တို့မှ တောလုံးနှံ့ ပေါက်ရောက်လျက် သဇင်နီ၊ သဇင်ဖြူ ပန်းများစွာလည်း ထူးဆန်းစွာ ပေါက်ရောက်၍ နေသည်။ မုလအိ တောင်ပေါ်သို့ ဆက်လက်တက်ရောက်ရာတွင် သစ်တောင် ဝါးတောင် များအား ကျော်ဖြတ်ပြီးလျှင် ရှေးနှစ်ပေါင်း များစွာမှ တည်ထားကိုးကွယ်သည့် ထုံးသင်္ကန်းဖြင့် မုလအိဆံတော်ရှင်အား စိတ်အေးချမ်းသာဖူးမျှော်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပါးစပ်ရာဇဝင်အရ မုလအ၊ မုလအိ၊ မုလအယ် နတ်သမီးသုံးဖော် အမည်များကိုအစွဲပြု၍ ထိုတောင်များကို ခေါ်ဆိုခဲ့ကြပြီး ထိုတောင်သုံးလုံးသည် ဖိုခနောင့်ဆိုင်တည်ရှိနေပြီး သူတို့နတ်သမီးသုံးဖော်နှင့်အတူ ဖာ့ဝီ့ဟုခေါ်သော ခွေးလေးတစ်ကောင်လည်းရှိပြီး ညီမသုံးဖော်တို့သည် မိမိတို့နေထိုင်သည့် တောင်များတွင် စေတီတစ်ဆူစီ တည်ထားကိုးကွယ်ကြမည် တည်ထားကိုးကွယ်ပြီးသည့်အချိန်တွင်မီးဖြင့်အချက်ပေးထားကြရန် ကတိပြုထားခဲ့ကြသည်။တစ်ရက်တွင်အမအကြီးဆုံးဖြစ်သည့် မုလအဲ့ အနားရှိ ခွေးကလေးဖာ့ဝီ့သည် ခုန်ပေါက် ဆော့ကစားပြီး အနီးရှိ မီးခွက်အား တိုက်မိပြီး အနီးရှိလောင်စာများအား လောင်ကျွမ်းစေခဲ့ပြီး မီးတောက် အဖြစ်ပြောင်းလဲခဲ့ရာ အလတ်ဖြစ်သော မုလအိတောင်တွင်နေထိုင်သည့် နတ်သမီးမှ တွေ့မြင်ပြီး အမဖြစ်သူ ဘုရားတည်ထား ပြီးဖြစ်သဖြင့် အချက်ပြသည့်အထင်ဖြင့် မိမိ ဘုရားအား ညတွင်းချင်း တည်ထားကိုးကွယ်ရာပြီး စီးပြီးအငယ်ဆုံးနတ်သမီးမုလအယ်မှနောက်ဆုံးတွင် တွေ့မြင်ပြီးမနက်မှသာ တည်ထားပြီးစီးသည်။
ထိုအကြောင်းအရာကို မုလအ နတ်သမီးသိရှိပြီးခွေးကလေးဖာ့ဝိ့အား မောင်းထုတ်လိုက်သဖြင့် ခွေးကလေးဖာ့ဝီ့ သည် ထိုင်းနိုင်ငံဘက်သို့ ထွက်ခွာသွားပြီး နတ်သမီးသုံးဦးအား အဝေးမှ ကြည့်ရှုပြီး အမြင့်ဆုံးတောင်တစ်တောင် တွင် အမောဖောက်သေဆုံးပြီး ထိုတောင်အား ဖာ့ဝီ့တောင်ဟု ယခုခေတ်တိုင် ထိုင်းနိုင်ငံ တာ့ခရိုင်တွင် တည်ရှိသည်။ ထိုအခြင်းအရာများကြောင့် ထင်ပေါ်ကျော်ကြားသည့် အခါတွင်လည်း မုလအိတောင်မှာ လူသိပိုများပြီး ယခုနှစ်များမှသာ မုလအစေတီမှာထင်ပေါ်လာခဲ့ပြီးမုလအယ့် စေတီတော်အား ယခုချိန်ထိ ရောက်ဖူးသူမှာ လက်ချိုးရေတွက်လို့ပင်ရကြောင်း သိရသည်။
မုလအိတောင်ရဲ့ ထူးခြားချက်ကတော့ (၁) တောင်ထိပ်စေတီသည် ဗုဒ္ဓမြတ်စွာဘုရား၏ ဆံတော်ဋ္ဌာပနာ ပူဇော်ထားရှိခြင်း။ (၂) တောင်ပေါ်တက်လျှင် သက်သတ်လွတ်စားရပြီး အရက်သေစာသောက်စားခြင်း - ယူဆောင်ခြင်း မပြုရ ချိုးဖောက်လျှင် တစ်ခုခုဖြစ်တတ်သည်။(၃) တောင်ပေါ်တွင် အမျိုးသားဘုရားနှင့် အမျိုးသမီးဘုရားရှိပြီး သပ်သပ်ဖူးမြော်ရသည်။ အမျိုးသားနှင့် အမျိုးသမီးပေါင်းပြီး ဖူးမြော်လျှင် အချိန်အခါမဟုတ် မိုးသည်းထန်စွာ ရွာသွန်းခြင်း။ လျှပ်စီးလက်ပြီး မိုးရွာချခြင်း။(၄) အပြောအဆိုအမူအရာ တစ်ခုခုမှားခြင်း၊ အရက်သေစာသောက်စားခြင်း ပြုလုပ်ပါက တောကောင်ကြီးများ မထင်မှတ်ဘဲ ပေါ်လာပြီး လူကိုအန္တရာယ်ပြုတတ်ခြင်း။ (၅) တောင်ပေါ်သို့ သွယ်တန်းထားသော ရေပိုက်အား အမျိုးသမီးကိုင်တွယ်ခဲ့ပါက တောင်ပေါ်ရေမတက်ခြင်း။ ပြန်လည်တောင်းပန်မှ သုံး၊ လေးရက်ကြာမှ ရေပြန်တက်ခြင်း။ (၆) တောင်အောက် ရေထွက်နေရာသို့ အမျိုးသမီးသွားလာ၍ မရခြင်း။ တကယ်လို့သွားရောက်ခဲ့ပါက ရေထွက်ရှိမှု ခန်းခြောက်၍ ပြန်တောင်းပန်မှ ရေပြန်ထွက်ခြင်း။ (၇) တောင်ထိပ်တွင် သီတင်းသုံးရန် သမာဓိအားမကောင်းသော ရဟန်းများမမြဲခြင်း။ (၈) အရေးကြီး ပုဂ္ဂိုလ်များ လာရောက်ဖူးမြော်လျှင် ကိုယ်ကျင့်တရား ကောင်းမွန်ခြင်းမရှိပါက တောင်ထိပ်မရောက်ခင် လျှပ်စီးလက်၍ အချိန်အခါမဟုတ် မိုးရွာချခြင်း တို့ဖြစ်ပါတယ်။ ရာသီဥတုသည် အစဉ်အမြဲ အေးစိမ့်နေတတ်သဖြင့် ကရင်ပြည်နယ်၏ အိုအေစစ် နေရာတစ်ခုအဖြစ် တည်ရှိနေတာလည်း ဖြစ်ပါတယ်။
ခရီးသွားကာလကို ရောက်ရှိလာပြီးဆိုရင်တော့ ကရင်ပြည်နယ် မြဝတီခရိုင်စုကလိမြို့ တာနောထကျေးရွာရှိ မုလအိဆံတော်ရှင်စေတီတော်သို့လာရောက် လည်ပတ်ပြီး တောင်ခြေရှိခြေတော်ရာဘုရားနှင့် စမ်းချောင်းအလှ စုကလိမြို့၏ သာယာလှပပုံ ကရင်လူမျိုးများ၏ ရိုးရှင်းသော အလှတရားများ တောင်ယာစိုက်ပျိုးခြင်းဖြင့် အသက်မွေးကြပုံများ ရိုးရာချည်ထည်ဂျပ်ခုတ် များရက်လုပ်ကြပုံများကို လေံလာကြရင်း မုလအ တောင်တော်နှင့် မုလအယ် တောင်တော်များအား တစ်ခေါက်တစ်ခါ အရောက်လာဖို့ စုကလိမြေကနေ ဤဆောင်းပါးဖြင့်ဖိတ်ခေါ် လိုက်ရပါတယ်ရှင်။
ကိုးကား - Wikipiedia
ပိုပိုအောင်