ငွေဆောင်မြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ငွေဆောင်   အောက်တိုဘာ   ၂၄

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ငွေဆောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ နှင့်တွေ့ဆုံ၍ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏဝင်းမှ မဲရုံအဖြစ်အသုံးပြုမည့် အဆောက်အဦးများ အခြေအနေ၊ မဲပေးမည့်ပြည်သူများ တစ်ဦးနှင့်တစ်ဦး ၆ ပေ အကွာနေရန်နှင့် ကိုယ်ပူချိန်တိုင်းတာရန် ဆောင်ရွက်ထား ရှိမှုအစီအမံများ၊ လျှပ်စစ်မီးမရရှိသေးသော ကျေးရွာမဲရုံများတွင် မီးလင်းရေး အတွက် ဆောင်ရွက်ထားရှိမှုများ၊ မဲရုံလုံခြုံရေးကိစ္စနှင့်မဲပုံးများ ပို့ဆောင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို မေးမြန်းပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ရန်၊ မဲပုံးများအား ပုသိမ်မြို့နယ် ကော်မရှင်ရုံးသို့ ပို့ဆောင်ရာတွင် မြို့အုပ်ချုပ်ရေးမှူးရုံးတွင် စုရပ်ပြုလုပ်ပြီး တစ်စုတစ်စည်းတည်း သွားရောက်ပို့ဆောင်ကြရန်၊ လျှပ်စစ်မီးမရသေးသည့် ကျေးရွာမဲရုံများကို မြို့လျှပ်စစ်ဦးစီးဌာနမှ ကူညီ ဆောင်ရွက်ပေးရန်၊ မဲရုံလုံခြုံရေးအတွက် အတွင်းစည်း အပြင်စည်းများကို အထူးရဲနှင့်ရဲတပ်ဖွဲ့ဝင်များမှ ဆောင်ရွက်ပေးရန် ဆွေးနွေးညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ငွေဆောင်မြို့တွင် မဲရုံ(၂၃)ရုံရှိပြီး ပြည်သူများမဲထည့်ရာတွင် အဆင်ပြေစွာဆောင်ရွက်နိုင်ရန် စီစဉ်ထားရှိ ကြောင်း သိရသည်။

မူမူသွင်(ပြန်/ဆက်)