လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာစီ စာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများကျင်းပ

လိပ်သို   နိုဝင်ဘာ ၂၉

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင်  ကျောင်းသား/ကျောင်းသူများ နေ့ထူးနေ့မြတ်များကို တန်ဖိုးထားတတ်စေရန်၊ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်လာစေရန်၊ မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားပြီး မြန်မာစာပေနှင့် စွမ်းရည်တိုးတက်မြင့်မားလာစေရေးအတွက် ဒီဇင်ဘာလ  (၇) ရက်နေ့တွင် ကျရောက်မည့်  (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီအချိန်က သဇင်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဂျိုဝါးနာက အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ကျောင်းသား/ကျောင်းသူများ မျိုးချစ်စိတ်ဓာတ် ရှင်သန်ကြီးထွားရန်၊ အမျိုးဂုဏ် ဇာတိဂုဏ်ကို ထိန်းသိမ်းရန်နှင့် အမျိုးသားနေ့နှင့်ပတ်သက်သည့် မှတ်သားဖွယ်ရာများအား ပြောကြားခဲ့သည်။

ဆက်လက်ပြီး အထက်တန်းပြဆရာမ ဒေါ်မြင့်မြင့်အေးက အမျိုးသားအောင်ပွဲနေ့ကို နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့အဖြစ် မြန်မာပြက္ခဒိန်ရက်စွဲကိုသာ အတည်ထား၍ ကျင်းပခဲ့ကြခြင်းဖြစ်ကြောင်း၊ အမျိုးသားနေ့သည် နာမည်နှင့်လိုက်အောင် အမျိုးသားစိတ်ဓာတ် ဇာတိမာန်များတက်ကြွစေပြီး ကိုယ့်နိုင်ငံကိုယ့်လူမျိုးအတွက် ဂုဏ်ယူခြင်း၊ အားပေးခြင်းသည် အမျိုးသားစိတ်ဓာတ်ပင်ဖြစ်ကြောင်း၊ အနာဂတ် မျိုးဆက် သစ်လူငယ်များ အနေဖြင့် မိမိနိုင်ငံနှင့် မိမိလူမျိုး၊ ကမ္ဘာတည်သရွေ့ အဓွန့်ရှည်တည်တံ့ရန် အမျိုးသားရေးစိတ်ဓာတ်ရှိရန် လိုအပ်ကြောင်း အသိပညာပေး ဟောပြောခဲ့ သည်။

ထို့နောက် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲအား  “လူငယ်နှင့် နိုင်ငံအနာဂတ်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲအား “အမျိုးသားနေ့နှင့် လူငယ်တာဝန်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်းအဆင့် ကဗျာပြိုင်ပွဲအား   “အမျိုးဂုဏ် ဇာတိဂုဏ် မမေ့ဖို့ အမျိုးသားနေ့ကျင်းပစို့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲအား “ထိန်းသိမ်းစို့လေ အမျိုးသားအမွေ” ခေါင်းစဉ်ဖြင့်လည်းကောင်း စာစီစာကုံး၊ ကဗျာပြိုင်ပွဲများပြုလုပ်ရာ ကျောင်းသား/ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)