ရှမ်းရွာသစ် နိုဝင်ဘာ ၂၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့သည် တောင်ယာလုပ်ငန်းနှင့်လယ်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိရာ ၂၀၂၃ ခုနှစ် မိုးရာသီကာလတွင် စိုက်ပျိုးခဲ့သည့် မိုးစပါးသီးနှံများကို ဒေသနေ ပြည်သူများ ရိတ်သိမ်းနေကြပြီဖြစ်ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် မိုးစပါးများကို ဇွန်လနှင့်ဇူလိုင်လတွင် အများဆုံး စိုက်ပျိုးခဲ့ကြပြီး အောက်တိုဘာလနှောင်းပိုင်းနှင့် နိုဝင်ဘာလတွင် ရိတ်သိမ်းနေကြခြင်းဖြစ်သည်။ မိုးစပါးရိတ်သိမ်းရာတွင် တံစဉ် များအသုံးပြု၍ လူအားဖြင့် ရိတ်သိမ်းခြင်းအပြင် ခေတ်မီစက်ကိရိယာများ အသုံးပြုကာ ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းလာကြသဖြင့် ကုန်ကျစရိတ်များသော်လည်း သဘာဝဘေးအန္တရာယ်ထိခိုက်မှု ကင်းဝေးသဖြင့် အဆင်ပြေလျက်ရှိကြောင်း၊ အချိန်တိုအတွင်း ပြီးစီးသဖြင့် အချိန်ကုန်သက်သာကြောင်း၊ ရှမ်းရွာသစ်မြို့ရှိ ဒေသနေပြည်သူများသည် မိုးစပါးစိုက်ပျိုးသည့် အချိန်တွင်လည်းကောင်း၊ ရိတ်သိမ်းသည့်အချိန်တွင်လည်းကောင်း စုပေါင်းဘုံစနစ်ဖြင့် အပြန်အလှန် လုပ်ကိုင်ဆောင်ရွက်သည့်ဓလေ့သည် အခြားမြို့များနှင့် မတူခွဲပြားခြားနားသည့် ဓလေ့တစ်ခုဖြစ်ပြီး တောင်ယာနှင့်လယ်ယာမရှိသည့် ဒေသနေပြည်သူများအတွက် တစ်နှစ်ပတ်လုံး လုပ်ကိုင်ဆောင်ရွက်သည့် အဖိုးအခအဖြစ် စပါးပေါ်ချိန်မှသာ စပါးများပေးရကြောင်း ဒေသနေပြည်သူတစ်ဦးထံမှ သိရသည်။
ရှမ်းရွာသစ်မြို့တွင် အဓိကအားဖြင့် စိုက်ပျိုးသည့် စပါးမျိုးများမှာ ဆင်းသုခ၊ မနောသုခ၊ စိန်အောင် မင်းစပါးများကို အဓိကစိုက်ပျိုးကြပြီး မိုးစပါးတစ်ဧကအထွက်နှုန်း တိုးတက်ရေးအတွက်လည်း စိုက်ပျိုးရေးဦးစီးဌာနမှ အသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)