ငဖဲ နိုဝင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တီဘီရောဂါတိုက်ဖျက်ရေးဌာနနှင့် အနာကြီးရောဂါတိုက်ဖျက်ရေးဌာနတို့ပူးပေါင်းပြီး တီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်းအရ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပေကုန်းကျေးရွာအုပ်စုသို့ လာရောက်ကွင်းဆင်း၍ တီဘီရောဂါ၊ အနာကြီးရောဂါနှင့် အထွေထွေရောဂါ လူနာများအား ရောဂါရှာဖွေကုသပေးခြင်းကို ယနေ့နံနက် ၉နာရီက ပေကုန်းကျေးရွာ ကန်လယ်မင်းကျောင်းတိုက် ဓမ္မာရုံ၌ ဆောင်ရွက်ပေးခဲ့သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တီဘီရောဂါတိုက်ဖျက်ရေးဌာနမှ ဆရာဝန်ကြီး ဒေါက်တာခိုင်မြင့်ဇင်က တီဘီရောဂါသည် လူနာများအား တီဘီရောဂါအကြောင်း သိကောင်းစရာများ၊ ရောဂါလက္ခဏာများ၊ ဆေးများကို မှန်မှန်ကန်ကန်နှင့် ပြီးဆုံးအောင်သောက်သုံးရန် လိုအပ်ကြောင်းနှင့် ဆေးမှန်မှန်မသောက်ပါက ဖြစ်ပေါ်တတ်သည့် ရောဂါလက္ခဏာများ၊ ဆေးကုသမှုခံယူနေစဉ်အတွင်း ဆေး၏ ဘေးထွက်ဆိုးကျိုး လက္ခဏာများ ကြုံတွေ့ရပါက ကျန်းမာရေးဝန်ထမ်းများနှင့် ချက်ချင်းသွားရောက် ဆွေးနွေးပြီး ဆေးကုသမှုခံယူရန် စသည့်တီဘီရောဂါကျန်းမာရေးဆိုင်ရာ အကြောင်းအရာများကို အသိပညာပေးပြောကြားသည်။
ထို့နောက် တီဘီရောဂါလူနာများအား လိုအပ်သည့် သွေးပေါင်ချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးမှုခံယူစေခြင်း၊ ဓါတ်မှန်ရိုက်ပေးခြင်းများ ဆောင်ရွက်၍ သုံးစွဲရန် ဆေးဝါးများပေးအပ်ခဲ့ပြီး တီဘီရောဂါကင်းဝေးစေရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကာ ကွင်းဆင်းဆေးကုသပေးရာသို့ တီဘီရောဂါလူနာ (၉၇) ဦး လာရောက်၍ ဆေးကုသမှုခံယူခဲ့ကြသည်။
အဆိုပါ ဆေးကုသပေးရာသို့ ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးတင်မောင်အေး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူမျာနှင့် ပေကုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဝင်းဇော်တို့သွားရောက်၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် နိုဝင်ဘာလ (၃၀) ရက်နေ့တွင် ပဒါန်းကျေးရွာ၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပြန်ကြည်ကျေးရွာများသို့ ဆက်လက်သွားရောက်၍ ဆေးကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)