ဆင်ပေါင်ဝဲ နိုဝင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ ပြည်သူ့ကျန်းမာရေးညီလာခံအကြို အငြိမ်းစားကျန်းမာရေးဝန်ထမ်းများအား ဂါရဝပြု ကန်တော့ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီက “အငြိမ်းစားကျန်းမာရေးဝန်ထမ်းများအား ဂါရဝပြုကန်တော့ရခြင်းနှင့်ပတ်သက်၍ ပြောကြားရာတွင် မိမိတို့မြို့နယ်အတွင်းရှိ ကျန်းမာရေးအငြိမ်းစားဝန်ထမ်းများအား ပြည်သူ့ကျန်းမာရေးညီလာခံကို ဂုဏ်ပြုသောအားဖြင့် ဂါရဝပြုကန်တော့ရခြင်းဖြစ်ပါကြောင်းနှင့် ယခုလို ကျန်းမာရေးအငြိမ်းစားဝန်ထမ်းများအား တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း” ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများက ကန်တော့ခံအငြိမ်းစားဝန်ထမ်းများအား ကန်တော့ခံပစ္စည်းများနှင့် အာဟာရဖြည့်စွက်ဆေးဝါးများဖြင့် ဂါရဝပြုကန်တော့ခဲ့ပြီးနောက် အငြိမ်းစားဝန်ထမ်းတစ်ဦးမှ ဆုံးမသြဝါဒစကားနှင့် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် အငြိမ်းစားကျန်းမာရေးဝန်ထမ်း (၁၅) ဦးအား ဂါရဝပြုကန်တော့ခြင်းအပြင် ဆီးချို၊ သွေးတိုးရောဂါစစ်ဆေးပေးခြင်း စသည့် ကျန်းမာရေးကုသပေးမှုများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)