သရက် နိုဝင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကြီးမှူးကျင်းပသော ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို ယနေ့ နံနက်(၉)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။
အဆိုပါ အခမ်းအနားတွင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက အဖွင့်အမှာစကား ပြောကြားရာမှာ သဘာဝဘေးအန္တရာယ်များစွာအနက် ငလျင်ဘေးအန္တရာယ်သည်လည်း ပျက်စီးဆုံးရှုံးမှုကြီးမားသည့် ဘေးအန္တရာယ် အမျိုးအစားဖြစ်ပါကြောင်း၊ ငလျင်လှုပ်ခတ်မှုများသော ဒေသများအနက် တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် စစ်ကိုင်းပြတ်ရွေ့ ကျောက်ကြမ်းပြတ်ရွေ့၊ ကဘော်ပြတ်ရွေ့နှင့် ဂွေးချိုတွန်းတင် ပြတ်ရွေ့ စသည့် ပြတ်ရွေ့များလည်း တည်ရှိသောကြောင့် အင်အားပြင်းထန်သော ငလျင်များ အချိန်မရွေး၊ နေရာမရွေး ဖြစ်ပေါ်နိုင်ကြောင်း ပြောကြားပေးခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြထွေးက ငလျင်လှုပ်နေစဉ်တွင် လိုက်နာရန်အချက်များ၊ ငလျင်လှုပ်နေစဉ် ရှောင်ရှားသင့်သည့် အချက်များ၊ ငလျင်လှုပ်ပြီးနောက် ပြုလုပ်ရန် အချက်များ စသည်တို့ကို ပြောကြားပေးခဲ့သည်။
ထို့နောက် သရက်ခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်နိုင်ဦးက ငလျင်ဘေးဖြစ်ပွားချိန်တွင် ဆောင်ရွက်ရမည့် နည်းလမ်းများကို ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်အတူ သရုပ်ပြသ ဆောင်ရွက်ပေးခဲ့ပြီး ငလျင်လှုပ်နေစဉ်တွင် လိုက်နာရန် အချက်များ၊ ငလျင်လှုပ်နေစဉ် ရှောင်ရှားသင့်သည့် အချက်များ၊ ငလျင်လှုပ်ပြီးနောက် ပြုလုပ်ရန်အချက်များကို ကျောင်းသား/ကျောင်းသူများနှင့်အတူ လက်တွေ့သရုပ်ပြသ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)