ငါးရှဉ့်ထောင်မြုံးများ ရက်လုပ်ရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိ

လိပ်သို နိုဝင်ဘာ ၂၉

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ တောတောင်လျှိုမြောင်များကြားရှိ လယ်ကွက်များ၊ စမ်းချောင်းငယ်၊ မြောင်းငယ်များတွင် ငါးရှဉ့်ထောင်ဖမ်းခြင်းကို ယခုနှစ်ရာသီတွင် တနိုင်တပိုင် လုပ်ကိုင်သူများပြားလာကြောင်း သိရသည်။

ဒေသခံများမှာ မိမိတို့စားသုံးရန်အပြင် ပြန်လည်ရောင်းချရန်အတွက် ငါးရှဉ့်များကို သဘာဝအတိုင်း ထောင်ဖမ်းခြင်းနှင့် အစာကျွေး၍ထောင်ဖမ်းခြင်း နှစ်မျိုးလုံးကို အသုံးပြုကာ ထောင်ဖမ်းကြပြီး ငါးရှဉ့်ဖမ်း မြုံးများကို ဝယ်ယူအသုံးပြုလျက်ရှိကြရာ ငါးရှဉ့်ဖမ်းမြုံး ရက်လုပ်တတ်ကြသူများက ရက်လုပ်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိလျက်ရှိသည်။

ငါးရှဉ့်ဖမ်းမြုံးများကို ဝါးနှင့်ကြိမ်တို့ဖြင့် ပုံစံအမျိုးမျိုး အရွယ်အစားအမျိုးမျိုး ရက်လုပ်ကြပြီး ပုံစံနှင့်အရွယ်အစား ခိုင်ခံ့မှုအပေါ်မူတည်ပြီး မြုံးတစ်လုံးကို (၂၀၀ဝိ/-) ကျပ်မှ (၅၀၀ဝိ/-) ကျပ်အထိ ရောင်းချကြရသည်။

ယခင်ကာလများက တောင်ပေါ်ဒေသတွင် ငါးရှဉ့်ထောင်ဖမ်းသူအားလုံးနီးပါးက မိမိတို့စိတ်ကြိုက် မြုံးများကို ရက်လုပ်တတ်ကြကြောင်း၊ ဝါသနာအရသော်လည်းကောင်း၊ မိသားစုစားဝတ်နေရေး အတွက်သော်လည်းကောင်း၊ ငါးရှဉ့်များကိုထောင်ဖမ်းကြကြောင်း၊ မြုံးဖြင့်ထောင်ဖမ်းရာတွင် လွယ်ကူခြင်းကြောင့် မြုံးမရက်လုပ် တတ်သူများက အလွယ်တကူဝယ်ယူသုံးစွဲလာကြသောကြောင့် မြုံးရက်လုပ်ရောင်းချသူတို့ အပိုဝင်ငွေများ ရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)