မိုးညိုမြို့နယ်တွင် တန်ဆောင်တိုင်မီးထွန်းပွဲ၊ နိဗ္ဗာန်ဈေးအလှူနှင့် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်

မိုးညို နိုဝင်ဘာ ၂၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်တွင် အလှူရှင်များ၊ ရပ်ကွက်နေပြည်သူများ စုပေါင်း၍ တန်ဆောင်တိုင်မီးထွန်းပွဲ၊ နိဗ္ဗာန်ဈေးအလှူနှင့် ပျော်ပွဲရွှင်ပွဲများကို ယမန်နေ့က စည်ကားသိုက်မြိုက်စွာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တန်ဆောင်တိုင်အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲပြုလုပ်ရာတွင် အမျိုးသမီးထုတ်စီးထိုးပြိုင်ပွဲ၊ ဆန်ကောရွက်ပြိုင်ပွဲ၊ ဘဘကြီးနုတ်ခမ်းမွေးဆွဲ၊ ဘဲ(၂)ကောင်ဖမ်းဆီးခြင်း၊ တာယာကွင်းအတွင်း ဘောလုံးပစ်ခြင်းနှင့် လျောတိုင်တက်ပြိုင်ပွဲများကို ပြည်သူများက ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယရရှိသူများအား ဆုများအသီးသီး ပေးအပ်ခဲ့သည်။ ထို့နောက် ညနေပိုင်းတွင် နိဗ္ဗာန်ဈေးအလှူပွဲအား ပြုလုပ်ခဲ့ရာ အလှူရှင်များက မုန်ဟင်းခါး၊ ခေါက်ဆွဲကြော်၊ ကြာဇံကြော်၊ ပေါင်မုန့်အုန်းနို့ဆမ်း၊ ကျောက်ကျော၊ အချိုရည်မျိုးစုံ၊ မဲဇလီရွက်ဟင်းချို၊ ရယ်ဒီမိတ်မုန့်မျိုးစုံတို့အား ကျွေးမွေးလှူဒါန်းပြီး  အဝတ်အထည်များကို ကံစမ်းမဲဖောက်၍ လှူဒါန်းခဲ့သည်။

ဆက်လက်၍ ညပိုင်းတွင် ဆီမီးထွန်းပွဲအား ပြုလုပ်ရာ ရပ်ကွက်အတွင်းရှိ ဆွမ်းလောင်းဓမ္မာရုံ၊ အလောင်းဘုရားလမ်းမကြီး၊ ပန်းစံပယ်လမ်းနှင့် ခိုင်သဇင်လမ်းတို့တွင် ဆီမီးအလှထွန်းခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)