တနင်္သာရီ နိုဝင်ဘာ ၂၈
ပူပြင်းခြောက်သွေ့သော ရာသီဥတုသို့ ရောက်ရှိလာပြီဖြစ်သဖြင့် တနင်္သာရီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် မြိတ်ခရိုင် တနင်္သာရီမြို့နယ်မီးသတ်ဦးစီးဌာနက ပူးပေါင်းအဖွဲ့များဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် အောင်မင်္ဂလာဈေး(၁)နှင့်(၂)တို့ တွင် မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးနှင့် အန္တရာယ်ကျရောက်ပါက အမြန်ပြန်လည်တုံ့ပြန် ဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေး ဇာတ်တိုက်လေ့ကျင့်မှုအစီအစဉ်ကို ယနေ့နံနက် ၉ နာရီအချိန်မှစ၍ မီးဘေးလုံခြုံရေးစစ်ဆေး၍ မီးငြှိမ်းသတ်ရေးသရုပ်ပြ ဇာတ်တိုက်လေ့ကျင်မှုများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
၎င်းအစီအစဉ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးစီးအရာရှိ ဦးမျိုးမျိုးနိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးသက်ဇော်မျိုး၊ မြို့မရဲစခန်း နယ်ထိန်းအရာရှိ ဒုရဲအုပ် အေးကိုကိုနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အငယ်တန်းအင်ဂျင်နီယာ (၃) ဦးမျိုးဟိန်းဇော်၊ ချောင်းငယ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ကိုနှင့် ဈေးတာဝန်ခံ ဦးမင်းကျော်သူ တို့ပါသည့် ပူးပေါင်းအဖွဲ့က ဈေးဆိုင်ခန်းများတွင် ဈေး ရောင်းချနေသူမျာအား ဈေးမီးဘေးလုံခြုံရေးအတွက် ဆိုင်ခန်းအတွင်း လျှပ်စစ်ဝါယာကြိုးများ တပ်ဆင်ထားရှိမှု၊ ရေကန်အတွင်းရေသို လှောင်ထားရှိမှု၊ မီးသတ်ဆေးဘူးနှင့်ပစ္စည်း ကိရိယာများတပ်ဆင်ထားရှိမှု၊ မီးကူးစက်ပျံ့ပွားနိုင်မှု၊ ဝင်ပေါက်/ထွက်ပေါက်သင်္ကေတနှင့် သတိပေးတားမြစ်စာသားများ၊“191”အရေးကြီးဖုန်းနံပါတ်များ..စသည်တို့ကို လိုက်လံကြည့်ရှု စစ်ဆေးပေးကြပြီး မီးဘေးလုံခြုံရေးအတွက် အစဉ်မြဲအသိ သတိရှိကြရန် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် အောင်မင်္ဂလာဈေး(၂) အရှေ့မျက်နှာစာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများက ဈေးဆိုင်ရှင်များနှင့် ဈေးရောင်း/ဈေးဝယ်သူများအား အရေးပေါ် မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူးဖြင့် အရေးပေါ်မီးငြှိမ်းသတ်နည်းများကို သရုပ်ပြပေးပြီး ဈေးသူ/သားများအား လက်တွေ့ဇာတ်တိုက် လေ့ကျင့်မှုများ ပြုလုပ်စေခဲ့ကြောင်း၊ ဆက်လက်၍ မြို့နယ် မီးသတ်ဦးစီးဌာန မီးငြှိမ်းသတ်ယာဉ်ဖြင့်မီးငြှိမ်းသတ်မှုကို သရုပ်ပြသပေးခဲ့ကြောင်း သိရသည်။
နန်းသာရီ~ထိန်ဝင်း(ပြန်/ဆက်)