ကြံခင်း အောက်တိုဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက ပြည်သူများအား ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေးညွှန်ကြားချက်များအား သိရှိလိုက်နာစေရန် ယမန်နေ့ညနေပိုင်းက ကြံခင်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများတွင် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ကြံခင်းမြို့နယ် ရပ်ကွက်/ကျေးရွာများအတွင်းရှိ ပြည်သူများအား ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု များပြားလာသဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ညွှန်ကြားချက်များ အား အထူးအလေးထား ဆောင်ရွက်ကြရန်၊ ည(၁၂)နာရီမှ နောက်တစ်နေ့နံနက်(၄)နာရီထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားမှုအပေါ် သိရှိလိုက်နာကြရန်၊ မဖြစ်မနေ အိမ်ပြင်ပ ထွက်ပါက နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်ရန်၊ ပြင်ပမှပြန်လာပါက လက်ကိုစက္ကန့်(၂၀)ကြာ စနစ်တကျဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ ပြောဆိုရန်နှင့် လူစုလူဝေးရှောင်ရှားရန်၊ ဈေးရောင်း ဈေးဝယ်ပြည်သူများအနေဖြင့် ဈေးအတွင်းမဝင်မီ လက်စနစ်တကျဆေးရန်၊ ဈေးဝယ်လျှင် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာဝယ်ယူရန်၊ မလိုအပ်ဘဲ ပြင်ပသို့သွားလာခြင်းမပြုရန်နှင့် ကလေးသူငယ်များအား ခေါ်ဆောင်သွားလာခြင်းမပြုရန်၊ Stay at Home ဒေသမှ ပြန်လာသူများ မိမိဒေဿို့ပြန်လာပါက ဦးစွာသက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျန်းမာရေးဌာနများသို့ သတင်းပေးရန်နှင့် မိမိထွက်ခွာလာရာ ဒေသတွင်နေထိုင်ခဲ့ကြောင်း ထောက်ခံစာမပျက်မကွက် ယူလာရန်၊ ပြန်လည်ရောက်ရှိလာပါက ထိတွေ့မှုမပြုလုပ်ဘဲ သတ်မှတ်ထားသည့် Quaratine Center များသို့ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ဝင်ရောက်ရန်၊ Stay at Home ဒေသမှ ပြန်လည်ဝင်ရောက်လိုပါက မိမိဆန္ဒသဘောအလျှောက် ဝင်ရောက်ခြင်းမျိုး မပြုလုပ်ဘဲ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုနှင့်အညီ ဆောင်ရွက်ကြရန်၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များမှ သက်ဆိုင်ရာ စုပေါင်းစစ်ဆေးရေးဂိတ်များတွင် (RDT)ဖြင့် စနစ်တကျ စစ်ဆေးမှုခံယူပြီးမှ မြို့နယ်အတွင်း ဝင်ရောက်ရန်နှင့် ယာဉ်ပေါ်မတတ်မီ လက်စနစ်တကျဆေးရန်နှင့် ယာဉ်ရပ်နားချိန်တွင် လက်ဆေးရန်၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ အနေဖြင့် စနစ်တကျ Surgical Mask နှင့် Face Shield မဖြစ်မနေ တပ်ဆင်ရန်၊ ခရီးလမ်းတစ်လျှောက် သတ်မှတ်ယာဉ်ရပ်နားရာနေရာများတွင်သာ ရပ်နားကြရန်၊ တိုင်းဒေသကြီးအတွင်း ကူးစက်မှု များပြားလာသဖြင့် ကုန်စည်စီးဆင်းပြတ်တောက်မှု မရှိစေရန် ကုန်တင်ကားမှလွဲ၍ အရေးပေါ်ကိစ္စများ ကျန်းမာရေး ကိစ္စရပ်ရှိသော ယာဉ်များမှအပ သွားလာခွင့်မပြုရန် ညွှန်ကြားထားမှုအပေါ် သိရှိလိုက်နာရန်၊ ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကြပ်ခြင်း၊ အားအင်ကုန်ခမ်းခြင်း စတဲ့လက္ခဏာများ ဖြစ်ပေါ်လာပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်အမြန်ဆုံးကုသမှုခံယူရန် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပေးနှိုးဆော်ခြင်းကို မြိုနယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များနှင့် မြို့နယ်မြတ်ဗုဒ္ဓလူမှုကူညီရေးအသင်းတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)