ဖြူး နိုဝင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများသည် ပြည်သူများဆေးကုသမှုစရိတ် လျော့နည်းကျဆင်းစေရေးအတွက်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်မှစတင်ကာ ဇေယျဝတီတိုက်နယ်ဆေးရုံ၌အခြေပြု၍ ဒေသခံပြည်သူများအား နယ်လှည့်ကွင်းဆင်းဆေးကုသပေးခြင်းများကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆေးဝါးကုသပေးရာတွင် အထွေထွေရောဂါ၊ ကလေးအထူးကု၊ ခွဲစိတ်ရောဂါအထူးကု၊ မေ့ဆေးအထူးကု၊ သားဖွားမီးယပ်အထူးကု၊ အရိုးအကြောအထူးကု၊ သွားနှင့်ခံတွင်းအထူးကု ဆရာဝန်ကြီးများက အထွေထွေလူနာ(၁၄၄)ဦး၊ ခွဲစိတ်ရောဂါ(၅၀)ဦး၊ Minor ခွဲစိတ်လူနာ(၇)ဦး၊ သားဖွားမီးယပ်ရောဂါ(၂၂)ဦး၊ လက်မောင်းတွင်းထည့်သားဆက်ခြားလူနာ(၁၅)ဦး၊ ကလေးရောဂါ(၂၉)ဦး၊ အရိုးအကြောလူနာ(၉၆)ဦး၊ သွားရောဂါ(၉)ဦး၊ ဆက်လက်ကုသနိုင်ရေးလွှဲပြောင်းလူနာ(၇)ဦး စုစုပေါင်းလူနာ(၃၇၉)ဦးကို အခမဲ့ကုသပေးနိုင်ခဲ့ကြောင်း ဖြူးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါနယ်လှည့်ကွင်းဆင်းဆေးကုသပေးခြင်းများကို ပဲခူးတိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူး ဒေါက်တာသီဟ၊ ဖြူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူနှင့်အဖွဲ့ဝင်များ၊ ဖြူးမြို့နယ်ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီးဒေါက်တာအောင်ကျော်မိုးနှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)