ဝန်းသိုမြို့နယ်၌ မဲရုံဆိုင်ရာသင်တန်းဖွင့်လှစ်

ဝန်းသိုအောက်တိုဘာ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံများ၌ တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့်ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များအား အောက်တိုဘာ ၂၃ ရက်နေ့မှ စတင်၍ ဦးအောင်မြတ်ခန်းမ၌ မဲရုံဆိုင်ရာ ဆင့်ပွားသင်တန်းကို ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းတွင်မဲရုံများ၌ တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် စုစုပေါင်း ၁၅၉ ဦးတို့ကို ကိုဗစ်-၁၉ ကာလ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ လူဦးရေခွဲ၍ အောက်တိုဘာ  ၂၈ ရက်နေ့ထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး သင်တန်းနည်းပြဆရာ ၉ ဦးက မဲရုံမှူး၊ ဒုမဲရုံမှူးနှင့်အဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်များ၊ မဲရုံပြင်ပလုပ်ငန်းတာဝန်များ၊ မဲရုံဖွဲ့စည်းပုံသရုပ်ပြနည်း၊ ရွေးကောက်ပွဲ ဆိုင်ရာပြစ်မှုပြစ်ဒဏ်များ၊ မဲရေတွက်ခြင်း၊ မဲရလဒ်များထုတ်ပြန်ခြင်း စသည့်လုပ်ငန်းများကို ဆွေးနွေးပို့ချသွားမည်ဖြစ်သည်။

ဝန်းသိုမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု ၄၂အုပ်စုရှိ၍ မဲရုံပေါင်း ၅၃ ရုံရှိပြီး ဒုတိယအကြိမ် မဲစာရင်းကြေညာချက်အရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း ၅ သောင်း ငါးထောင်ခြောက်ရာကျော်ရှိကာ နိုင်ငံရေးပါတီ ၄ ခုနှင့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် (ရှမ်းတိုင်းရင်းသားလူမျိုး)နှင့် (ချင်းတိုင်းရင်းသားလူမျိုး)တို့မှ ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

ကျော်မြိုင် (ပြန်/ဆက်)