ဘားအံ နိုဝင်ဘာ ၂၈
တန်ဆောင်မုန်းလပြည့်အခါသမယနေ့ထူးနေ့မြတ်ကြီးတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ တန်ဆောင်တိုင်ပွဲတော် နိဗ္ဗာန်ဈေးနှင့်မီးပုံးပျံလွှတ်တင်ပူဇော်ပွဲကို ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ကျော်ဇေယျလမ်းနှင့်မာန်းနဲစန်လမ်း၌ ညနေ ၄ နာရီခွဲအချိန်ခန့်က စတင်ကျင်းပရာ ပါဝင်ဆင်နွှဲသူများဖြင့် အထူးစည်ကားများပြားခဲ့သည်။
နိဗ္ဗာန်ဈေးပွဲတော်တွင် ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ကုမ္ပဏီများ၊ မော်တော်ယာဉ်လိုင်းများ၊ ရပ်ကွက်များနှင့် ပုဂ္ဂလိကအလှူရှင်များက စတုဒိသာမဏ္ဍပ် ၅၄ ခုဖြင့် ကြာဇံကြော်၊ ခေါက်ဆွဲကြော်၊ ကရင်မုန့်ဟင်းခါး၊ မြန်မာမုန့်အမျိုးမျိုး၊ ရွှေရင်အေးနှင့်အချိုရည်အမျိုးမျိုး အစရှိသော အစားအစာ ၁၆ မျိုးဖြင့် စုပေါင်းကုသိုလ်ပြုကြရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများက ဘားအံမြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ဒေသကျေးရွာများမှ ဒေသခံတိုင်းရင်းသား ပြည်သူများ စည်ကားများပြားစွာ တည်ခင်းဧည့်ခံနေမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြပြီး အများပြည်သူတို့နှင့်အတူ တည်ခင်းဧည့်ခံသော အစားအစာများကို အတူတကွအားပေးသုံးဆောင်ခဲ့ကြသည်။
ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ တန်ဆောင်တိုင်မီးပုံးပျံလွှတ်တင်ပူဖော်ပွဲကို မာန်းနဲစန်လမ်း၊ ကျော်ဇေယျလမ်းနှင့် ကန်သာယာပတ်လမ်းဆုံ မီးပုံးပျံကွင်း၌ကျင်းပရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ အမြင့် ပေ ၇၀၊ လုံးပတ် ၁၂၀ ပေနှင့် အောက်ခြေအချင်း ၁၀ပေခန့် အနည်းဆုံးအရွယ်ရှိ မီးပုံးပျံအကြီး ၁၁ လုံးကို ကရင်တိုင်းရင်းသားရိုးရာ အဝတ်အထည်များ၊ လက်ကိုင်ပဝါနှင့်လက်ကိုင်အိတ်များ၊ ရောင်စုံအလံများချိတ်ဆွဲ၍ ကရင်ရိုးရာဒုံးအကများ၊ အိုးစည်၊ ဗုံမောင်းများ၊ အတီးအမှုတ်၊ အကအခုန်များဖြင့် အေးချမ်းပျော်ရွှင်စွာ လွှတ်တင်ပူဇော်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
အလားတူ မီးပုံးပျံအကြီးများလွှတ်တင်နေစဉ်အတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်နယ်လမ်းဦးစီးဌာနမှ မီးပုံးပျံအသေး ၅၀ လုံး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ မီးပုံးပျံအသေး ၅၀ လုံး စုစုပေါင်း မီးပုံးပျံအသေး အလုံး ၁၀၀ ကို လွှတ်တင်ပူဇော်ခဲ့ကြသည်။
မီးပုံးပျံလွှတ်တင်ပူဇော်ပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မီးပုံပျံလွှတ်တင်ပူဇော်ကြသည့် အဖွဲ့များ၊ အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့် ဧည့်ခံဖျော်ဖြေသည့်အဖွဲ့များကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)