ပြည် နိုဝင်ဘာလ ၂၈
ပဲခူတိုင်းဒေသကြီး၊ ပြည်မြို့ ကျက်သရေဆောင် သီရိခေတ္တသိရိန္ဒရ သာသနာ့ဗိမာန်တော်ကြီး၌ ယမန်နေ့မွန်းလွဲ ၁ နာရီက စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားကို ပရိတ်သတ်အပေါင်းတို့က နမောတဿဗုဒ္ဓဝန္ဒနာ (၃)ကြိမ်ရွတ်ဆို ဘုရားကန့်တော့၍ ဖွင့်လှစ်ပြီး အထက်ရွှေဟင်္သာကျောင်းတိုက်ဦးစီးပဓာနမဟာနာယက လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီးဂေါပကအဖွဲ့၏ သြဝါဒါစရိယ ဘဒ္ဒန္တပညိသာရဆရာတော်ထံမှ ဒကာ၊ ဒကာမအပေါင်းတို့က (၉)ပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်များထံမှ မေတ္တာသုတ်စသော ပရိတ်တရားမြတ်များကို တရားနာပရိတ်သတ်အပေါင်းတို့က နာယူကြည်ညိုခဲ့ကြသည်။
ထို့နောက် ပြည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးက သာသနာရေးဆိုင်ရာများကို လျှောက်ထားပြီး တရားနာပရိတ်သတ်အပေါင်းတို့က ဆရာတော်အရှင်သူမြတ်တို့ထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်ပြီး ဝင်္ကဘယကျောင်းတိုက်ဆရာတော်က ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေပြီး အခမ်းအနားပထမပိုင်းကို ဗုဒ္ဓသာသနံ စိရံတိဌတု (၃) ကြိမ်ရွတ်ဆို ပိတ်သိမ်းခဲ့သည်။
ယင်းနောက် အခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ပြည်မြို့နယ်ရှိ ကထိန်အာနိသင်မရရှိသေးသော ကျောင်းပေါင်း (၂၀)ကျော်အား ၂၄၁ သိန်းတန်ဖိုးရှိ ပဒေသာပင်(၂၉)ပင်အား ဌာနဆိုင်ရာများ အလှူရှင်များက ဆရာတော်အရှင်သူမြတ်တို့ထံ ပဒေသာပင်များကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ကိုစိုး (ပြည်)