ကော့သောင်း အောက်တိုဘာ ၂၄
ကော့သောင်းမြို့တွင် Hotel Quarantine ထားကာ Swab ဓာတ်ခွဲစစ်ဆေးချက်အဖြေ အရ Covid 19 ရောဂါပိုးတွေ့ရှိခဲ့သည့် နေရပ်ပြန်မြန်မာသင်္ဘောသားအမျိုးသားတစ်ဦးအား ယမန်နေ့ ညနေပိုင်းက ကော့သောင်းခရိုင် ပြည်သူ့ဆေးရုံကြီး၊ သီးသန့်ဆောင်တွင် အထူးကြပ်မတ် ဆက်လက် ဆေးဝါးကုသပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါရောဂါပိုးတွေ့ရှိသူ သင်္ဘောသားမှာ အောက်တိုဘာလ ၁၂ ရက်နေ့က မလေးရှားနိုင်ငံမှ တစ်ဆင့်ဝင်ရောက်လာသည့် MT. EASTEN QUEST သင်္ဘောမှဆင်းလာသော(၂၂)ဦးအဖွဲ့မှဖြစ်ကာ အဆိုပါသင်္ဘောသားများမှာ ကော့သောင်းမြို့တွင် Hotel Quarantine (၁၄)ထားရှိ ကန့်သတ်စောင့်ကြည့်ခံယူလျက်ရှိပြီး ၎င်းတို့၏ Swab နမူနာများအား စစ်ဆေးရာမှ သင်္ဘောသားတစ်ဦးတွင် ရောဂါပိုးတွေ့ရှိရခြင်းဖြစ်သည်။ ၎င်းတို့သည် ကော့သောင်းဒေသခံများ မဟုတ်ဘဲ အခြားတိုင်းဒေသကြီးတို့တွင် နေထိုင်သူဖြစ်ကြသည်။
ရောဂါပိုးတွေ့ရှိသူအား ယမန်နေ့ညပိုင်းတွင် ကော့သောင်းခရိုင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ခရိုင်ကျန်းမာရေးဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ လူနာတင်ယာဉ်များဖြင့် ၎င်း၏ Quarantine စခန်းဖြစ်သည့် ဟိုတယ်မှ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ကော့သောင်းခရိုင်၊ ပြည်သူ့ဆေးရုံကြီး၏ အထူးကြပ်မတ်ကုသ ဆောင်သို့ပို့ဆောင်ပေးခဲ့ကြပြီး ဆေးကုသမှုဆက်လက်ခံယူလျက်ရှိကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)