၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်တွင် ထီးလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ လုပ်ငန်း (၃၇) ခု လျာထားဆောင်ရွက်မည်

ထီးလင်း၊ အောက်တိုဘာ ၂၄

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့သည် မြို့ပေါ် ရပ်ကွက်များအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၃၇၂၅၅၀၀၀၀ သိန်းဖြင့် လုပ်ငန်း (၃၇)ခုကို ဆက်လက်လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ထီးလင်းမြို့ပေါ်ရပ်ကွက်များရှိ ကန်တော်လေးမြို့ပတ်လမ်း၊ ငုရွှေဝါလမ်း၊ ဘုရင့်နောင်လမ်း စသည့်ရပ်ကွက်လမ်းများအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခင်းကျင်းခြင်း၊ ဖိုးသဲကြီးလမ်းနှင့်သားတော်ရလမ်းဆုံနေရာ၌ Pox Culvert ပြုလုပ်ခြင်း၊ ခတ္တာလမ်း ကျောက်ကြီးစီမြေထိန်းနံရံပြုလုပ်ခြင်းနှင့် ရေပြွန်ပြုလုပ်ခြင်း စသည့်လုပ်ငန်းများ ပါဝင်ပြီး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ (၁၀) သန်းအထက်တွင် လုပ်ငန်း (၈) ခုကို ငွေကျပ် (၁၃၄ ဒသမ၈၂၄)သန်းဖြင့်လည်းကောင်း၊ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ (၁၀) သန်းအောက်တွင် လုပ်ငန်း(၂၀)ခုကို ငွေကျပ်(၈၁ ဒသမ ၅၄)သန်းဖြင့်လည်းကောင်း လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်တွင် ကျပ်သိန်း(၁၀၀) အထက်လုပ်ငန်း (၁၂) ခုကို ငွေကျပ် (၂၇၂၉၀၀၀၀၀) သိန်းဖြင့်လည်း ကောင်း၊ ကျပ်သိန်း (၁၀၀)အောက် လုပ်ငန်း (၂၅) ခုကို ငွေကျပ် (၉၉၆၅၀၀၀၀) သိန်းဖြင့်လည်းကောင်း၊ စုစုပေါင်းငွေကျပ် (၃၇၂၅၅၀၀၀၀) သိန်းဖြင့် လုပ်ငန်းပေါင်း (၃၇) ခုကို ဆက်လက်လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထီးလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရှိရသည်။

အောင်စည်(ပြန်/ဆက်)