ဘားအံ နိုဝင်ဘာ ၂၈
ကရင်ပြည်နယ်၊ ဘားအံမြို့ကျက်သရေဆောင် သေဋ္ဌမာရ်အောင်ဘုရားကြီး၌ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ မသိုးသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို တန်ဆောင်မုန်းလပြည့် သာမညဖလ အခါတော်နေ့ နံနက် ၅ နာရီခန့်က အဆိုပါဘုရားကြီး ဂန္ဓကုဋီတိုက် ပရိဝုဏ်အတွင်း၌ ဆင်ယင် ကျင်းပခဲ့သည်။
အဆိုပါ မသိုးသင်္ကန်းဆက်ကပ်လှူဒါန်းနိုင်ရေး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့် သက်မွေးပညာသင်တန်းကျောင်းမှ သင်တန်းသူလေးများက နိုဝင်ဘာလ ၂၆ ရက်နေ့ ရက်နေ့ ညနေ ၄ နာရီခွဲခန့်မှစ၍ ရက်ကန်းစင်နှစ်စင်ဖြင့် သင်္ကန်းများကိုရက်လုပ်ပူဇော်ခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များက ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ကြသည်။
မသိုးသင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီးတို့က သေဋ္ဌမာရ်အောင် ဘုရားကြီးအား ပန်း၊ ရေချမ်း၊ သစ်သီးဆွမ်း၊ ဆီမီးတို့ကို ကပ်လှူပူဇော်ပြီး အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး မင်းသူကျော်နှင့်ဇနီးတို့က သေဋ္ဌမာရ်အောင် ဘုရားကြီး ဩဝါဒစရိယဆရာတော် နိုင်ငံတော်ဩဝါဒစရိယ နောင်လုံဌာန်ပတိုင်ကျောင်းနှင့်ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇာနန္ဒ အမှူးပြုသော ဆရာတော်ကြီးများအား လှူဖွယ် ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များမှ မသိုးသင်္ကန်းဆက်ကပ်လှူဒါန်းနိုင်ရေး ပြည်နယ် သံဃနာယကအဖွဲ့(မူလဒွါရ)အမိတာရာမရဲကျောင်းဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိ တဘဒ္ဒန္တဂုဏလင်္ကာရက ဗုဒ္ဓဿဒေမ စသောဂါထာကို ရွတ်ဆိုပေးပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ ဂေါပကအဖွဲ့နှင့် ဥပသကာ တာဝန်ရှိသူများက သေဋ္ဌမာရ်အောင်ဘုရားကြီးအား မသိုးသင်္ကန်းဆက်ကပ်လှူဒါန်းရာ ဩဝါဒစရိယဆရာတော်ကြီးများက ဇယေန္တောဗောဓိရအောင် ဂါထာကို ရွတ်ဖတ်ပူဇော်ပေးကြသည်။
ယင်းနောက် အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး သေဋ္ဌမာရ်အောင်ဘုရားကြီး ပိဋကတ်တိုက်အတွင်း၌ ဆရာတော်ကြီးများအား အရုံဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပပြုလုပ်သော အကြိမ်(၂၀)မြောက် စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို တန်ဆောင်မုန်းလပြည့် နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၉ နာရီခွဲက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ ဇနီးများ တက်ရောက်၍ ကထိန်လျာ သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲသို့ နိုင်ငံတော်ဩဝါဒစရိယ နောင်လုံဌာန်ပတိုင်ကျောင်းနှင့် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း(ကျောင်းအုပ်) ဆရာတော် မဟာဂန္တဝါစက ပဏ္ဍိတဘဒ္ဒန္တဝိဇ္ဇာနန္ဒ အမှူးပြုသော ထေရ်ကြီးဝါကြီး ဆရာတော်ကြီး ၁၁ ပါး ကြွရောက်ချီးမြှင့်တော်မူကြပြီး နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသည့် ဧည့်ပရိသတ်အပေါင်းတို့က နိုင်ငံတော်ဩဝါဒစရိယ နောင်လုံဌာန်ပတိုင်ကျောင်းနှင့်ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း (ကျောင်းအုပ်)ဆရာတော် မဟာဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တဝိဇ္ဇာနန္ဒထံမှ ကိုးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်အပေါင်းတို့သည် သံဃာတော်အရှင်သူမြတ်များရွတ်ဖတ်သရဇ္စျယ်တော်မူသော မေတ္တာသုတ်ပရိတ် တရားတော်များကို နာယူကြည်ညိုကြပြီး ကထိန်မည်ပုံ၊ ကထိန်ခင်းခြင်းနှင့်စပ်လျဉ်းသည့် အမေး(ကထိနပုစ္ဆာ)ကို မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ(သုဓမ္မာ) ခွယ်ကဘောင်ပညာ့ ဥယျာဉ်ကျောင်းဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တ နာဂဝံသက မေး၍ ကထိန်ခင်းခြင်းအဖြေ(ကထိနဝသဇ္ဇနာ)ကို ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ လှိုင်းဘွဲ၊ မြို့မကျောင်းကြီးဆရာတော် ဘဒ္ဒန္တခေမိဿရာလင်္ကာရ အရှင်သူမြတ်မှ ဖြေကြားခြင်းကို နာယူကြကာ ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းတွင် ပုရိမဝါဆို ဝါကပ်၍ ပုရိမဝါမှထတော်မူကြသည့် သံဃာတော်များကိုယ်စား နိုင်ငံတော်ဩဝါဒစရိယ နောင်လုံဌာန်ပတိုင်ကျောင်းနှင့် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း (ကျောင်းအုပ်)ဆရာတော် မဟာဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တဝိဇ္ဇာနန္ဒ မဟာထေရ်မြတ်ထံ ကထိန်လျာဉာတ်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီး အရှေ့တောင်တိုင်း စစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ ကြွရောက်ချီးမြှင့်တော်မူကြသည့် ဆရာတော်၊ သံဃာတော်များထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်အပေါင်းတို့သည့် မဟာဂန္တဝါစကပဏ္ဍိတ နောင်လုံဌာန်ပတိုင်ကျောင်းနှင့် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း (ကျောင်းအုပ်) ဆရာတော် ဘဒ္ဒန္တဝိဇ္ဇာနန္ဒထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု ရွှေမိုး၊ ငွေမိုးများရွာသွန်းဖြိုးခဲ့ကြကာ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း၍ ဧည့်ပရိသတ်အပေါင်းတို့အား စတုဒိသာဖြင့် တည်ခင်းဧည့်ခံခဲ့ကြကာ ဌာနဆိုင်ရာများနှင့်ရပ်ကွက်များမှ လှူဒါန်းသောစာရေးတံမဲ ပဒေသာပင်များကို ကျောင်းတိုက်အသီးသီးသို့ပို့ဆောင်လှူဒါန်းခဲ့ကြသည်။
ယနေ့ ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် ဌာနဆိုင်ရာများ၊ အသင်း အဖွဲ့များမှ ပဒေသာပင် ၇၈ပင်၊ ပစ္စည်းတန်ဖိုး၊ ငွေသားတန်ဖိုး၊ ဗုဒ္ဓဝေယျာဝစ္စနှင့် သံဃာတော်များ လှူဖွယ်ဝတ္ထုပစ္စည်း၊ ဆွမ်းကွမ်း စုစုပေါင်း ၆၂၂၈၉၈၅၀ (ခြောက်ရာနှစ်ဆယ့် နှစ်သိန်းရှစ်သောင်း ကိုးထောင်ရှစ်ရာငါးဆယ်)ကျပ် ဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)