မင်းတပ် နိုဝင်ဘာ ၂၈
မင်းတပ်မြို့၊ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ထေရဝါဒ ဗုဒ္ဓသာသနာပြုဗဟိုကျောင်း၌ ယမန်နေ့နံနက် (၉)နာရီအချိန်တွင် ကျင်းပသည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး အစိန္တေယ ကန်တော့ချိုးဖြင့် ဘုရားရှင်ကိုယ်တော်မြတ်ကြီးအား ပူဇော်ကန်တော့ကြပြီးနောက် မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ထေရဝါဒသာသနာပြု ဗဟိုဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တခေမိန္ဒထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ပြီးနောက် ကြွရောက်လာကြသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များမှ ပရိတ်တရားတော်များကို နာယူပူဇော် ကြည်ညိုခဲ့ကြသည်။ ထို့နောက် စစ်နယ်မြေမှူး၏ ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများနှင့် မင်းတပ်မြို့ပေါ်ရှိ ပြည်သူများက ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့အား ကထိန်သင်္ကန်းနှင့် လှူဖွယ် ဝတ္ထု ပစ္စည်းများကို ဆက်ကပ် လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ထေရဝါဒသာသနာပြု ဗဟိုဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တခေမိန္ဒထံမှ အနုမောဒနာတရား နာယူပြီးနောက် လှူဒါန်းမှု အစုစုတို့အတွက် ရေစက်ချ ရေစက်သွန်းချ အမျှပေးဝေပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းပြီး ကြွရောက် လာကြသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဝေဖြိုး(ဇလပ်မြေ)