အိမ်မဲ နိုဝင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ချောင်းဝရပ်ကွက်တွင်တည်ထား ကိုးကွယ်သော အိမ်မဲမြို့တည် သမိုင်းဝင်းရှင်ပင်ချမ်းသာကြီးဘုရား၌ တန်ဆောင်မုန်းလပြည့်နေ့ ညနေပိုင်းမှ စတင်ကာ ဘုရားဖူးလာ ပြည်သူများဖြင့် စည်ကားနေကြောင်း သိရသည်။
ဘုရားဖူးလာပြည်သူများက မြတ်စွာဘုရားအားရည်မှန်း၍ ပန်း၊ ရေချမ်း၊ ဆီမီး၊ နံသာတိုင်များ ကပ်လှူခြင်း၊ အာရုံဆွမ်း၊ နေ့ဆွမ်းနှင့် ရွှေသင်္ကန်းများကို ကပ်လှူပူဇော်ကြသူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
တန်ဆောင်မုန်းလပြည့်နေ့ ညနေ (၆)နာရီ(၅)မိနစ်တွင်လည်း သစ္စာဓိဌာန် နယ်လှည့်သာသနာပြုအကျော် (ဧရာဝတီ တိုင်းဒေသကြီး) သစ္စာရှင်လူမှုကယ်ဆယ်ရေးအဖွဲ့ (နာယက) ဘဒ္ဒန္တဝိလာသဆရာတော် အရှင်သူမြတ်ကြီး၏ တန်ဆောင်မုန်းလပြည့်နေ့ ဆေးပေါင်းခပွဲ (သစ္စာ၊ မေတ္တာ၊ စေတနာ၊ ဆေးအလှူတော်ပွဲ)၊ နိဗ္ဗာန်စျေးပွဲ၊ စတုဒီသာကျွေးမွေးပွဲများကို ရှင်ပင်ချမ်းသာဘုရားကြီးရှေ့ ကရဝိတ်ဖောင်တော် ရင်ပြင်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အဆိုပါ ဆေးပေါင်းခပွဲ၊ နိဗ္ဗာန်စျေးပွဲနှင့်စတုဒီသာကျွေးမွေးပွဲများကို တကောဆရာတော်ဘုရားကြီး၏ သြဝါဒခံယူ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်မှုဖြင့် တာဝန်ရှိသူများက ဆောင်ရွက်လာသည်မှာ (၅)ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ)