နတ်မောက် နိုဝင်ဘာ ၂၈
တန်ဆောင်မုန်းလသည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ နတ်မောက်မြို့ရှိ တန်ခိုးကြီးဘုရားများ၊ ရပ်ကွက်အသီးသီးရှိစေတီပုထိုးများ၌ ပန်း၊ ရေချမ်း၊ ဆီမီး၊ ဆွမ်းခဲဖွယ်ကပ်လှူပူဇော်၍ ကုသိုလ်ကောင်းမှုပြုလုပ်ကြသူများဖြင့် စည်ကားလျက်ရှိသည်။
နတ်မောက်မြို့ပြည်သူများသည် အညာဒေသ၏ ဓလေ့ထုံးစံအတိုင်း ဆယ့်နှစ်လရာသီပွဲတော်များ အနက် တန်ဆောင်မီးထွန်းပွဲတော်တွင်လည်း ကုသိုလ်ကောင်းမှုပြုလုပ်ကြရာ ဆုတောင်းပြည့်ဘုရားကြီးတွင် ဦးခိုက်ပူဇော်ကာ ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်လှူဒါန်းကြပြီး ဘုရားစေတီများ၏ အေးချမ်းသည့် အရိပ်အာဝါသအောက်တွင် တရားဘာဝနာပွားများနေကြသူများ၊ ဥပုသ်သီတင်းများဆောက်တည်ခြင်းနှင့် ကလေးငယ်များကလည်း ဘုရားရင်ပြင်တွင် သန့်ရှင်းရေးများပြုလုပ်နေသူများကိုလည်း တွေ့မြင်ရသည်။ တန်ဆောင်မုန်းလပြည့်နေ့ နံနက်ပိုင်းစ၍ ဆုတောင်းပြည့်ဘုရားကြီးသို့ လာရောက်ဖူးမျှော်သူများအား ဆရာတော်ကြီး၏ မိန့်ကြားချက်အရ သဒ္ဒါကြည်လင်ကုသိုလ်ရှင်များစုပေါင်း၍ မယ်ဇလီဖူးသုပ်များ၊ ကြာဇံဟင်းခါးများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သိရသည်။
လှဝင်း