ဆင်ပေါင်ဝဲ နိုဝင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ် မီးသတ်ဦးစီးဌာနက ပွင့်လင်းရာသီကာလ မြို့နယ်အတွင်း မီးဘေးလုံခြုံစေရန်နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့ညနေ၆နာရီက မြို့ပေါ်ရပ်ကွက်များသို့ မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ သတိပြုရမည့်အချက်များကို အသံချဲ့စက်ဖြင့် လိုက်လံသတိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန လက်ထောက်မီးသတ်ဦးစီးမှူး ဦးချစ်ထွေးနှင့် မီးသတ်တပ်ဖွဲ့ဝင် များက ပြည်သူများ ပွင့်လင်းရာသီကာလ မီးဘေးလုံခြုံရေးအတွက် မီးဘေးလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များဖြစ်သောနေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေပုံး၊ မီးသတ်ဆေးဘူး အစရှိသည့် မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ စီစဉ်ဆေင်ရွက်ထားရှိရေး၊ မီးဖိုများကို အိမ်ပေါ်တွင် ထားရှိသုံးစွဲခြင်းမပြုရန်နှင့် (၃) ပေပတ်လည်၊ (၂) ပေအနက်မီးကျင်းတူး၍ ချက်ပြုတ်သုံးစွဲရန်၊ မိမိတို့အိမ်တွင် အသုံးပြုနေသော ဝါယာကြိုးများနှင့် လျှပ်စစ်ပစ္စည်း ကိရိယာများအား စစ်ဆေးပြုပြင်ထားကြရန်နှင့် လူစောင့်မရှိပါက လျှပ်စစ်မိန်းခလုတ်များ ပိတ်ထားကြရန်၊ မီးသွေး/ထင်းမီးဖိုဖြင့် ထမင်း ၊ဟင်းများချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များကို စနစ်တကျငြှိမ်းသတ်ထားရှိရန်၊ မီးလောင်မှု/မီးလန့်မှုများ ဖြစ်ပေါ်ပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့အကူအညီ တောင်းခံကြရန် စသည့် မီးဘေးအန္တရာယ် သတိပြုလိုက်နာရမည့်အချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အသံချဲ့စက်ယာဉ်ဖြင့် မြို့ပေါ်ရပ်ကွက်အတွင်း လှည့်လည် အသိပေးနှိုးဆော် ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)