ဆင်ပေါင်ဝဲ နိုဝင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ (၃၅) ကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန်ပွဲကို နိုဝင်ဘာ ၂၇ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်က မြဇေယျာဘုန်းတော်ကြီးကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ရာ စုပေါင်းမဟာဘုံကထိန်ပွဲအား နမောတဿ (၃) ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပေးခဲ့ပြီး နိုင်ငံတော်ဩဝါဒစရိယဆရာတော် (အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ) ဘဒ္ဒန္တဓမ္မပီယထံမှ (၈)ပါးသီလ ခံယူတည်ဆောက်ခဲ့ကြသည်။
ဆက်လက်၍ ကြွရောက်တော်မူလာကြကုန်သော သံဃာတော်အရှင်သူမြတ်တို့အား တာဝန်ရှိသူများမှ သင်္ကန်းနှင့်လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး နိုင်ငံတော်ဩဝါဒစရိယဆရာတော်(အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ) ဘဒ္ဒန္တဓမ္မပီယမှ အနုမောဒနာတရားနှင့် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချတရားချီးမြှင့်ခဲ့သည်။
ထို့နောက် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့များ စုပေါင်းလှူဒါန်းထားသော ပဒေသာပင်များအား မဲဖောက်ပေးပြီး သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ဆရာတော်များထံ ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် ဆရာတော်သံဃာတော်များနှင့် တရားနာဧည့်ပရိသတ်အပေါင်းတို့က ဗုဒ္ဓသာသနံစိရံတိတု(၃)ကြိမ် ရွတ်ဆိုကာ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်းနှင့် ပင့်သံဃာအရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)