ချောင်းဦး အောက်တိုဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်တွင် နိုဝင်ဘာလ(၈)ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးအဖြစ် တာဝန်ယူကြမည့်သူများအား အဆင်သင့်ဖြစ်စေရန် ရွှေးကောက်ပွဲဆိုင်ရာသင်တန်းကို အနော်ရထာခန်းမ၌ အောက်တိုဘာ (၂၁)ရက်မှ အောက်တိုဘာ(၂၆)ရက်ထိ သင်ကြားပို့ချ ပေးလျက်ရှိကြောင်း သိရသည်။
ချောင်းဦးမြို့နယ်တွင် မဲဆန္ဒပေးနိုင်သူ လူဦးရေ(၈၈၇၃၀)ဦးရှိပြီး နယ်မြေအလိုက်မဲရုံ(၈၆)ရုံ ဖွင့်လှစ်ကျင်းပ သွားမည်ဖြစ်သဖြင့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး(၁၇၂)ဦးအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားချက်နှင့်အညီ သင်တန်းပို့ချမှုကို(၆)ရက်ခွဲပြီး သင်ကြားပေးသွား မည်ဖြစ်သည်။
သင်တန်းတွင် ရွှေးကောက်ပွဲနှင့်သက်ဆိုင်သည့် မဲရုံဖွင့်ခြင်း၊ မဲရုံပိတ်ခြင်း၊ မဲရေတွက်ခြင်း၊ မဲရလဒ် ဆိုင်ရာများ၊ မဲရုံမှူးနှင့်အဖွဲ့ဝင်များ၏ တာဝန်များ၊ မဲရုံတည်နေရာနှင့် ကြိုတင်ပြင်ဆင်မှုများ၊ မသန်စွမ်းသူနှင့် အကူအညီလိုအပ်သူများမဲပေးခြင်း၊ မဲပေးခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်၊ ရွှေးကောက်ပွဲလုံခြုံရေးနှင့် ထူးခြားဖြစ်စဉ်များ၊ လိုက်နာရမည့် အချက်များနှင့် တာဝန်ခွဲဝေချထားမှု လေ့ကျင့်ခန်းများအား မြို့နယ်ကော်မရှင် အဖွဲ့ခွဲ တာဝန်ရှိသူများက သင်တန်းပို့ချပေးကြသည်။
အောက်တိုဘာလ(၂၆)ရက် သင်တန်းပြီးဆုံးပြီးနောက် သင်တန်းတက်ရောက်ထားသူမဲရုံမှူး၊ ဒုတိယမဲရုံမှူးများက မိမိတို့မဲရုံတာဝန်ကျမည့် မဲရုံအဖွဲ့ဝင်များအား ဆင့်ပွားသင်တန်း ပြန်လည်ပို့ချ ပေးသွားရန် ညွှန်ကြားထားကြောင်းသိရသည်။
ဝင်းမြင့်အောင်(ပြန်ဆက်)