ပွင့်ဖြူ နိုဝင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာ၌ စားဖိုဆောင်သီးနှံဖြစ်သည့် ငရုပ်သီးနှံစိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး ၁၂၈၅ ဧက စိုက်ပျိုးရန် လျာထားရှိကြောင်း သိရကာ ယနေ့အထိ ငရုပ်သီးနှံ ၅၄၂ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေအပြင် မုန်းချောင်းရေနှင့် မြေအောက်ရေတို့ပါ စိုက်ပျိုးရေ အဆင်ပြေစွာ ရယူသုံးစွဲနိုင်သည့်အတွက် (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပြီး နှစ်စဉ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံအပိုဝင်ငွေ တိုးပွားရေးအတွက် ဟင်းသီးဟင်းရွက် စားပင်သီးနှံမျိုးစုံကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။ အဆိုပါ ဟင်းသီးဟင်းရွက်သီးနှံများ စိုက်ပျိုးရာ၌ စီးပွားရေးတွက်ခြေကိုက်သည့် ငရုပ်သီးနှံစိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်းနှင့် ဒေသခံတောင်သူများအား ငရုပ်သီးနှံစိုက်ပျိုးရာ၌ အထွက်နှုန်း တိုးတက်ကောင်းမွန်စေရန်နှင့် လျာထားဧက ပြည့်မီစွာ စိုက်ပျိုးပြီးစီးနိုင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက လိုအပ်သည့် စိုက်ပျိုးရေးအသိပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
“ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံစေရန်နှင့် တောင်သူတွေ သီးနှံဝင်ငွေ တိုးပွားစေရန် ရည်ရွယ်ပြီးတော့ စားဖိုဆောင်ငရုပ်သီးနှံ စိုက်ပျိုးရေးကို တစ်မြို့နယ်လုံး ၁၂၈၅ ဧက လျာထားစိုက်ပျိုးသွားမှာ ဖြစ်ပါတယ်။ ပွင့်ဖြူမြို့နယ်က စိုက်ပျိုးရေ အဆင်ပြေတဲ့အတွက် သီးနှံစိုက်ပျိုးရေးလုပ်ငန်းက အောင်မြင်ဖြစ်ထွန်းမှုလဲ ရှိပါတယ်။ စားဖိုဆောင်သီးနှံတွေထဲမှာဆိုရင် ငရုပ်သီးနှံစိုက်ပျိုးရေးလုပ်ငန်းက အခြားသီးနှံတွေထက် ဈေးကွက်ရှိတဲ့အတွက် တောင်သူတွေက နှစ်စဉ် အားထားစိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ တောင်သူတွေ အများဆုံး စိုက်ပျိုးတဲ့ ငရုတ်သီးနှံကတော့ သာမို - ၁၁ ငရုပ်မျိုး ဖြစ်ပြီး ငရုပ်ပွနဲ့ ကလော်အော်သီး ငရုပ်မျိုးကိုလဲ စိုက်ပျိုးကြပါတယ်။ တောင်သူတွေကိုလဲ စားဖို ဆောင်သီးနှံ စိုက်ပျိုးရာတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် GAP စိုက်ပျိုးရေး နည်းစနစ်နဲ့ သွင်းအားစုပစ္စည်း အသုံးပြုပုံ နည်းစနစ်တွေကို စနစ်တကျ စိုက်ပျိုးနိုင်စေဖို့ ကူညီဆောင်ရွက်ပေးထားပါတယ်” ဟု ပွင်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဒေါ်မိုးမိုးဝေက ပြောပြသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက သီးနှံဝင်ငွေ အကျိုးအမြတ်ရှိသည့် စားဖိုဆောင်သီးနှံစိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုးလုပ်ကိုင်ကြပြီး စားဖိုဆောင်သီးနှံများတွင် ငရုပ်သီးနှံစိုက်ပျိုးရေးလုပ်ငန်းမှာ စိုက်ပျိုးရေအဆင်ပြေမှုကြောင့် နှစ်စဉ်အောင်မြင်ဖြစ်ထွန်းမှုရှိကာ သီးနှံဝင်ငွေ အကျိုးအမြတ်ရရှိ၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း၊ ယခင်နှစ်က ဆောင်းသီးနှံ ငရုပ်စိုက်ပျိုးရေးကို ၁၄၀၅ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ် ဆောင်းသီးနှံ ငရုပ်စိုက်ပျိုးရေးကို ၁၂၈၅ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကာ ယနေ့အထိ ၅၄၂ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)