ဆိပ်ဖြူ နိုဝင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်၏ ကျက်သရေဆောင် ရွှေမင်းဝန်စေတီတော်မြတ်ကြီး၏ (၁၈၂) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆပ်ကပ်လှူဒါန်းပွဲ ကျင်းပပူဇော်ပွဲကို ယနေ့ တန်ဆောင်မုန်းလပြည့်နေ့ နံနက် ၉နာရီက ကျင်းပပြုလုပ်သည်။
ဆိပ်ဖြူမြို့နယ်၏ ကျက်သရေဆောင်ရှေးဟောင်းသမိုင်းဝင် ရွှေမင်းဝန်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ့၌ ကျင်းပပူဇော်ခဲ့ရာ (၁၈၂)ကြိမ်မြောက် ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ရွှေမင်းဝန် စေတီတော်မြတ်ကြီး၏ (၁၈၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းစာရေးတံဆပ်ကပ်လှူဒါန်းပွဲသို့ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ၊ ဆိပ်ဖြူမြို့နယ်အသင်းရန်ကုန်၊ ဆိပ်ဖြူတပ်နယ်မိသားစု၊ ကုန်သည်ကြီးများအသင်းနှင့် မော်တော်ယာဉ် လိုင်းပေါင်းစုံအသင်းအစရှိသော အလှူရှင်များက ဘုရားတရား အပါအဝင် ဆွမ်းစာရေးတံမဲ (၁၉)မဲဖြင့် ဆပ်ကပ်လှူဒါန်းကြသည်။
ရွှေမင်းဝန်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်သို့ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်နှင့် မြို့ပေါ် ဘုန်းတော်ကြီးကျောင်းတိုက်အသီးသီးမှ ဆရာတော်သံဃာတော်များ ကြွချီတော်မူခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များ ဒေသခံပြည်သူများ လာရောက်ပူဇော်ခဲ့သည်။ ဗုဒ္ဓပူဇနိယပွဲတော်၌ ဘုရားကြီးတန်းဆောင်းများ၌ ဘုရားဖူးလာပြည်သူများအား ဒေသအစားအစာ မယ်ဇလီဖူးသုပ်၊ ဆီထမင်းနှင့် မုန့်မျိုးစုံတို့ကို အလှူရှင်များက စတုဒိသာများကို ကုသိုလ်ပြုကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် ဘုရားကြီးဂေါပက ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဗုဒ္ဓပူဇနိယပွဲတော်စည်ကားနေမှုနှင့် ဆွမ်းစရေးတံမဲအလှူရှင်များကို လှည့်လည်ကြည့်ရှု အားပေးစကားများ ပြောကြားပေးသည်။ ထို့နောက် ရွှေမင်းဝန်စေတီတော်မြတ်ကြီး၏ ရေသာလောင်တော် ကန္ဓကုသိတိုက်၌ ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းစာရေးတံမဲ ဆပ်ကပ်လှူဒါန်းပွဲ ကျင်းပဆောင်ရွက်ခဲ့ပြီး ဆွမ်းစာရေးတံမဲ အလှူရှင်များက မိမိတို့ကျရောက်မဲပေါက်သည့် ဆရာတော်သံဃာတော်များအား ဆွမ်းနှင့် လှူဖွယ်ဝတ္ထုများကို ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ကိုဇွဲ(အညာမွေ)