ဝါးခယ်မမြို့ ကွမ်းခြံကုန်းကျောင်းတိုက်၌ ဒုတိယကြိမ်မြောက် မဟာဘုံကထိန်ပွဲနှင့် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

ဝါးခယ်မ နိုဝင်ဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့၊ မင်းပိုင်းရပ်ကွက်၊ ကွမ်းခြံကုန်းကျောင်းတိုက်၌ ယနေ့နံနက်ပိုင်းတွင် ဒုတိယကြိမ်မြောက် မဟာဘုံကထိန်ပွဲနှင့် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ဝါးခယ်မမြို့၊ မင်းပိုင်းရပ်ကွက်၊ ကွမ်းခြံကုန်းကျောင်းတိုက်၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးကျောင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် စေတနာရှင်အလှူရှင်များစုပေါင်း၍ ဒုတိယကြိမ်မြောက် မဟာဘုံကထိန်ပွဲနှင့် ကထိန်သင်္ကန်းဆပ်ကပ်လှူဒါန်းပွဲကျင်းပရာ နမောတဿ (၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဒွိပိဋကဓရဘဒ္ဒန္တခေမာစာရ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ကြွရောက်တော် မူလာကြကုန်သော ဆရာတော်သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူ သော ပရိတ်တရားတော်များကို နာယူကြည်ညိုခြင်း၊ ကထိန်လျာဥတ်သင်္ကန်းနှင့် အရန်သင်္ကန်းများ ဆက်ကပ်လှူဒါန်းခြင်း၊ မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဒွိပိဋကဓရဘဒ္ဒန္တခေမာစာရအရှင်သူမြတ်ထံမှ ရေစက်ချအနု မောဒနာတရား နာယူကြည်ညိုခြင်းနှင့် ဗုဒ္ဓသာသနံစိရံ တိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနား ပိတ်သိမ်းခဲ့ပြီး သံဃာတော်များအား ဆွမ်းများဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)