ဂန့်ဂေါ နိုဝင်ဘာ ၂၆
ဂန့်ဂေါခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများ၏ (၂၈) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲကို ယနေ့ နံနက်က ဂန့်ဂေါမြို့ သာသနာ့ဗိမာန်တော်ကြီး၌ကျင်းပရာ ရှေးဦးစွာ နမောတဿ ဘုရားရှိခိုးဖြင့် အခမ်းအနားကို ဖွင့်လှစ်၍ မြို့နယ်သံဃာ့နာယကအဖွဲ့ အကျိုးတော်ဆောင် လုံဟောရွာ ဦးကျောင်းဆရာတော် ဘဒ္ဒန္တအဇ္ဇဝါစာရထံမှ ငါးပါးသီလကို ခံယူဆောက်တည်ကြသည်။
ဆက်လက်၍ ဂန့်ဂေါမြို့နယ် သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဇဋိလ အမှူးပြု၍ ပင့်သံဃာဆရာတော်ကြီးများထံမှ ပရိတ်တရားတော်များနှင့် ကထိန်အနုမောဒနာ တရားတော်များ နာယူကြည်ညိုကြသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးနှင့် ဇနီး ဒေါ်သီတာကြိုင်တို့နှင့် ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများက ကထိန်ခံကျောင်းများအား ကထိန်လျာညှပ်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ပြီးနောက် ဆရာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယခုနှစ် ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများ၏ စုပေါင်းမဟာဘုံကထိန်တွင် လှူဒါန်းမှုများအတွက် စုစုပေါင်းတန်ဖိုးမှာ ၁၇၉၇၄၄၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။
ထင်အောင်နိုင် (ဂန့်ဂေါ)