ဘားအံ နိုဝင်ဘာ ၂၆
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော အကြိမ်(၂၀)မြောက် စုပေါင်းမဟာဘုံကထိန် ပဒေသာပင်လှည့်လည်ပွဲကို နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၈ နာရီခန့်က ဘားအံမြို့၊ သီရိကွင်းမှစတင်၍ ဘားအံမြို့တွင်းလှည့်လည်ကာ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပမည့် ဇွဲကပင်ခန်းမသို့ လှည့်လည်ပို့ဆောင်ခဲ့ကြသည်။
ပဒေသာပင်လှည့်လည်ပွဲတွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဘားအံမြို့ပေါ်ရပ်ကွက်များမှ စုပေါင်းလှူဒါန်းသော ဘုံကထိန်ပဒေသာပင် (၇၈) ပင်၊ ကထိန်လျာသင်္ကန်း၊ သင်္ကန်းပရိက္ခရာများ၊ လှူဖွယ်ဝတ္တုပစ္စည်းများအား မော်တော်ယာဉ်များ ပေါ်တင်ဆောင်၍ အိုးစည်ဒိုးပတ်အတီးအမှုတ်အကအခုန်များဖြင့် ဘားအံမြို့ သီရိကွင်းမှ သီရိလမ်း၊ ပိတောက်လမ်း၊ ကမ်းနားလမ်း၊ ဘားအံ-ထုံးအိုင်လမ်း၊ မြို့ရှောင်လမ်း၊ နဒုက္ခသုခံလမ်း၊ ဘားအံ-ကော့ကရိတ်လမ်း၊ လှိုင်းပုံလမ်း၊ လှာကမြင်-နောင်ပလိန်လမ်း၊ ဘားအံ-လှိုင်းဘွဲလမ်း၊ ဗိုလ်ချုပ်လမ်း၊ မင်းတန်းလမ်း၊ ကမ်းနားလမ်း၊ သရဖီလမ်းတို့မှတစ်ဆင့် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းမည့် ဇွဲကပင်ခန်းမသို့ လှည့်လည်ပို့ဆောင်ခဲ့ကြခြင်း ဖြစ်သည်။
ယနေ့ ပဒေသာပင်လှည့်လည်ပူဇော်ပွဲတွင် ဘုံကထိန်ပဒေသာပင် ၇၈ ပင်မှ ငွေသားတန်ဖိုး ၃၈,၉၉၅,၂၀၀ (သုံးရာရှစ်ဆယ်ကိုးသိန်း ကိုးသောင်း ငါးထောင် နှစ်ရာကျပ်)၊ ပစ္စည်းတန်ဖိုး ၁၆,၄၉၂,၁၅၀(တစ်ရာ့ခြောက်ဆယ် လေးသိန်းကိုးသောင်းနှစ်ထောင် တစ်ရာငါးဆယ်ကျပ်)၊ စုစုပေါင်းတန်ဖိုး ၅၅,၄၈၇,၃၅၀(ငါးရာငါးဆယ်လေးသိန်း ရှစ်သောင်းခုနစ်ထောင်သုံးရာငါးဆယ်ကျပ်) ဖြစ်ပြီး လှည့်လည်ပွဲသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးလွင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများအကြီးအကဲများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ ပဒေသာပင်များကို နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၉ နာရီခွဲတွင် ကရင်ပြည်နယ် အစိုးရအဖွဲ့မှကြီးမှူး၍ အကြိမ်(၂၀)မြောက် စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲမဟာမင်္ဂလာအခမ်းအနား၌ ဉာဏ်မကြီးပဒေသာပင် လှူဒါန်းမှု(၂၃)ပင်၊ ပင့်သံဃာကျောင်း (၅၅)ကျောင်းအတွက် (၅၅)ပင်တို့အား ဘုံကထိန် ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း ပြည်နယ်သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)