မြောင်းမြ နိုဝင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ ဆံတော်ရှင်မြတိဂုံစေတီတော်မြတ်ကြီး၏ အာရုံခံတန်ဆောင်း ရေစက်ချခြင်းနှင့် ဘုရားအနေကဇာတင်ခြင်း၊ တောင်ပေါ်ရှိဘုရားများ အနေကဇာတင်ခြင်း၊ တန်ဆောင်းများ ရေစက်ချလှူဒါန်းခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မြစိမ်းရောင်တောင်တော် သာသနာ့နယ်မြေ၊ အောင်မင်းခေါင် ဓမ္မသာလာ တန်ဆောင်းတော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြောင်းမြမြို့နယ် အလယ်တောရကျောင်းတိုက်မှ ဦးစီးပဓာန နာယက ဆရာတော် ဘန္ဒန္တပညာသီဟ ဦးဆောင်၍ သံဃာတော် အရှင်သူမြတ်တို့မှ ဆံတော်ရှင်မြတိဂုံစေတီတော်မြတ်ကြီး၏ အာရုံခံတန်ဆောင်းနှင့် မြောင်းမြဒေါ်ချို အာရုံခံ တန်ဆောင်း တို့အား ရေစက်ချခြင်း၊ စကျင်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနေကဇာတင်ခြင်း၊ မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီးအား အနေကဇာတင်ခြင်း၊ ဆင်ဖြူတောင် အာရုံခံတန်ဆောင် ရေစက်ချခြင်း၊ နဂါးရုံဘုရားနှင့် ကမ္ဘာ့အလင်းရောင်ဘုရား အနေကဇာတင်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ထို့နောက် မင်္ဂလာ အခမ်းအနားကို ဆက်လက်ကျင်းပရာ ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ မြောင်းမြမြို့၊ အလယ်တော်ရကျောင်းတိုက်၊ ဦးစီးပဓာနနာယက ဆရာတော် ဘန္ဒန္တပညာသီဟ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး ဆရာတော်သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင်ခဲ့သည်။ ဆက်လက်၍ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဌေးက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး အလှူ ရှင်များမှ ဆရာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပါသည်။ ထို့နောက် ဆရာတော် ဘန္ဒန္တပညာသီဟ အရှင်သူမြတ်ထံမှ အနုမောဒနတရား နာကြား၍ လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချ အမျှ တန်းပေးဝေပြီးနောက် "ဗုဒ္ဓသာသနံစိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ မင်္ဂလာအခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့ပြီး သံဃာတော်အရှင်မြတ်များ၊ သီလရှင်ဆရာကြီးများအား ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ဇေယျာ (ပြန်/ဆက်)