ညောင်လေးပင် နိုဝင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ပထမအကြိမ် ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန် အလှူတော်ပွဲကျင်းပခြင်းကို ယနေ့ မွန်းလွဲ (၁)နာရီအချိန်က သာသနာ့ဗိမာန်တော်၌ ပြုလုပ်ခဲ့သည်။
အဆိုပါ စုပေါင်းမဟာဘုံကထိန် အလှူတော်ပွဲတွင် ကျောင်း(၂၀) ကျောင်းမှ ဆရာတော်ကြီး များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက နမောတဿ (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ဓမ္မပါလကြားတောရ ကျောင်းဆရာတော်ထံမှ ငါးပါးသီလနှင့် သြဝါဒခံယူဆောက်တည်၍ မြို့ပေါ်ကျောင်း(၂၀)မှ ဆရာတော်များအား ကထိန်ညှပ်သင်္ကန်းများ ဆက်ကပ်လှူဒါန်းသည်။ ကမဌာန်းကျောင်းဆရာတော်မှ ညှပ်သင်္ကန်း ကပ်လှူမှုအား မိန့်ကြားဆောင်ရွက်ပေးပြီး ပဒေသာပင်(၄၀)အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုး၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဘုန်းမောင်နှင့် ဌာနဆိုင်ရာ အလှူရှင်များ ကပ်လှူခဲ့ကြသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက ပထမအကြိမ် စုပေါင်း မဟာ ဘုံကထိန်ပွဲ စီစဥ်ဆောင်ရွက်ထားမှုများကို လျှောက်ထားပြီး ညှပ်သင်္ကန်း၊ ဆွမ်းစရိတ်ဝတ္တုငွေများ ဆက်ကပ်လှူဒါန်းကာ ဆရာတော်ကြီးများ ပဒေသာပင်မဲနှိုက်လှူဒါန်းခဲ့သည်။
ထို့နောက် ကမဌာန်းကျောင်းဆရာတော်ထံမှ လှူဒါန်းမှူအစုစုအတွက် ကထိန်အနုမောဒနာ ရေစက်ချတရား ချီးမြှင့်နာယူကာ လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းချအမျှပေးဝေပြီးနောက် အခမ်းအနားကို ဗုဒ္ဓဿသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုပူဇော်၍ အခမ်းအနားကို ပိတ်သိမ်းခဲ့သည်။
ပထမကြိမ် ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းရာတွင် အလှူငွေနှင့် လှူဖွယ်ပစ္စည်းတန်ဖိုး စုစုပေါင်း ငွေသားတန်ဖိုးကျပ်သိန်း (၁၂၆၈၂၀၀၀)နှင့် ပစ္စည်းတန်ဖိုး(၁၁၁၇၄၃၀၀) စုစုပေါင်းတန်ဖိုးကျပ်သိန်း (၂၃၈၅၆၃၀၀)အား ဆက်ကပ်လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။
ဟိန်းသူနိုင် (ပြန်/ဆက်)