လေးမျက်နှာမြို့နယ်၌ အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မဲပုံးနှင့် မဲရုံသုံး ပစ္စည်းများထုတ်ပေး

လေးမျက်နှာ    အောက်တိုဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် မဲရုံသုံး ပစ္စည်းများကိုမြို့နယ် အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများသို့ ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ ထုတ်ပေးခဲ့ကြောင်းသိရသည်။

ထို့သို့ မဲရုံသုံးပစ္စည်းများကို ထုတ်ပေးရာတွင် မဲပုံး၊ရွေးကောက်ပွဲနှင့် ပတ်သက်သော အသိပညာပေး လက်ကမ်းစာစောင်များ၊ မဲပေးပုံအဆင့်ဆင့်ဗီဒီယိုခွေများ၊ သိမှတ်ဖွယ်ရာစာအုပ်များ၊ စည်းမျဉ်းစည်းကမ်း စာအုပ်များကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ရပ်ကွက်ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မှရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများထံသို့ ထုတ်ပေးခဲ့ပြီးကျန်ရှိသော မဲရုံများအတွက် အောက်တိုဘာ ၂၅ ရက်နေ့အထိ ဆက်လက် ထုတ်ပေးသွားမည်ဖြစ်ပြီး မဲလက်မှတ်များကို အောက်တိုဘာ ၂၇ ရက်နေ့တွင် စတင်ထုတ်ပေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လေးမျက်နှာမြို့နယ်တွင် ရပ်ကွက်ကျေးရွာအုပ်စု (၄၈)အုပ်စု၊ မဲရုံပေါင်း(၁၈၈)ရုံ၊ ဆိုင်းခွဲ(၂၄)ရုံ ရှိပြီး မဲဆန္ဒရှင်ဦးရေ(၈၃၂၇၇)ဦးရှိကြောင်း သိရသည်။

ဝေဝေ(လေးမျက်နှာ)