မုံရွာ နိုဝင်ဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၃-ခုနှစ်၊ (၁၃၈၅-ခုနှစ်) စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်၊ သာစံကျောင်းတိုက် ပဓာနနာယက သက်တော်ရှည် ဆရာတော် ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သက်များက ရှစ်ပါးသီလ ခံယူဆောက်တည်ကြသည်။
ယင်းနောက် ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြင့်တော်မှုသော ပရိတ် တရားတော်မြတ်အား နာယူကြည်ညိုပြီး ဆရာတော်၊ သံဃာတော်များထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ကထိန်လျာမြတ်သင်္ကန်းနှင့် ဝတ္ထုငွေများအား အသီးသီး ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်ပြီး နိုင်ငံတော်သြဝါဒါစရိယ မုံရွှာမြို့၊ မဟာဝိဇ္ဇာသိပ္ပံကျောင်းတိုက်ကြီး၏ ဦးစီး ပဓာနနာယက၊ အဘိဓဇမဟာရဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသူရိယ ဆရာတော်ကြီး ထံတော်မှ အနုမောဒနာ တရားနာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားမှူးမှ ဆရာတော်ကြီးများ၏ မဲကျသော ပဒေသာပင်စာရင်းအား ဖတ်ကြားလျှောက်ထားသည်။
ထို့နောက် ဆရာတော်၊ သံဃာတော်များ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက “ ဗုဒ္ဓသာသနံ စိရံ တိဌတု ” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြပြီး ဆရာတော်၊သဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အဆိုပါ ၂၀၂၃-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင် ရာများ စုပေါင်း၍ ပဒေသာပင် - ၅၀ ပင်၊ ဝတ္ထုငွေနှင့်ပစ္စည်းတန်ဘိုး စုစုပေါင်းတန်ဘိုးငွေကျပ် - ၄၂၉၁၉၆၅၀ (လေးရာနှစ်ဆယ်ကိုးသိန်း တစ်သောင်းကိုးထောင် ခြောက်ရာငါးဆယ်)ကျပ်အား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အလားတူ နိုဝင်ဘာလ ၂၄ ရက်နေ့၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်း ဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ စုပေါင်းလှူဒါန်းသည့် စုပေါင်းမဟာဘုံကထိန် ပဒေသာပင် ၅၀ ပင်အား တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ စတင်ထွက်ခွာကာ မုံရွာမြို့အတွင်းရှိ ဗိုလ်ချုပ်လမ်း၊ ရုံးကြီးလမ်း၊ ကမ်းနားလမ်းများတွင် တစ်ပျော်တစ်ပါး ကထိန်လှည့်လည်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)