ပြည် နိုဝင်ဘာ ၂၆
ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီးရှိ ဗုဒ္ဓမြတ်စွယ်တော် မြို့တွင်းသို့ လှည့်လည်အပူဇော်ခံပွဲကို ယနေ့ နံနက် ၆ နာရီက ကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖူးမြော်ကြည်ညိုသည်။
မြို့တွင်းလှည့်လည်အပူဇော်ခံပွဲကျင်းပရာတွင် ရှေးဦးစွာ စေတီတော်ရင်ပြင်မြတ်စွယ်တော်တိုက် မှန်ကျောင်းဆောင်တော်အတွင်း ယာယီကိန်းဝပ်စံပယ်တော်မူသော ဗုဒ္ဓမြတ်စွယ်တော်ကို ဂေါပကအဖွဲ့နှင့် ဝေယျာဝစ္စအဖွဲ့များက စေတီတော်မြောက်စောင်းတန်းမှ ပင့်ဆောင်လာပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ဒေသကွပ်ကဲရေးမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့များက မြတ်စွယ်တော်ကို မင်္ဂလာ ကရဝိတ်ဖောင်တော်ယာဉ်ပေါ်သို့ ပင့်ဆောင်ပူဇော်ကြသည်။
ထို့နောက် ဗုဒ္ဓမြတ်စွယ်တော်ယာယီကိန်းဝပ်စံပယ်တော်မူသော မင်္ဂလာ ကရဝိတ်ဖောင်တော် ယာဉ်အား မြောက်စောင်းတန်းရှေ့မှ မင်္ဂလာစည်တော်ယိမ်းယာဥ်ဖြင့် စည်တော်ယွမ်း၍ ပင့်ဆောင်ကာ ဗိုလ်ချုပ်လမ်းမကြီးနှင့် မြို့တွင်းလမ်းမများ တစ်လျှောက် မြို့ပေါ် ရပ်ကွက်ကြီးများရှိ မြတ်စွယ်တော် ကြိုဆိုပင့်ဆောင် အပူဇော်ခံမဏ္ဍပ်များ၌ ယာယီအပူဇော် ခံရပ်နားပြီး မြို့ခံရဟန်းရှင် လူပြည်သူများနှင့် ရပ်ဝေးရပ်နီးမှ ဗုဒ္ဓပူဇနိယပွဲတော် လာရောက်သူများက ဗုဒ္ဓမြတ်စွယ်တော်အား အနီးကပ် ဖူးမြော်ကြည်ညိုသဒ္ဓါပွားများကြပြီး လှူဒါန်းမှု အစုစုတို့ဖြင့် ကုသိုလ်ဒါနပြုကြသည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် မြို့တွင်း လှည့်လည်အပူဇော်ခံပွဲ အောင်မြင်စွာ ပြီးမြောက်ပြီး ဗုဒ္ဓမြတ်စွယ်တော်ကို မြောက်စောင်းတန်းမှ ရွှေဆံတော်စေတီတော်ရင်ပြင် မြတ်စွယ်တော်တိုက်အတွင်း မှန်ကျောင်းဆောင်တော်၌ ယာယီကိန်းဝပ်စံပ္ပာယ်တော်မူရန် ပြန်လည်ပင့်ဆောင်၍ အများပြည်သူ ဖူးမြော်ကြည်နိုင်ရန် ဖွင့်လှစ်အပူဇော်ခံလျက်ရှိကြောင်းနှင့် အဆိုပါ ဗုဒ္ဓမြတ်စွယ်တော် မြို့တွင်းလှည့်လည်အပူဇော်ခံပွဲကျင်းပမှု အောင်ပွဲအထိမ်းအမှတ်အဖြစ် ညနေပိုင်းတွင် မြို့နယ်အားကစားကွင်းအတွင်း၌ မီးပုံလွှတ်တင်ပွဲကို ယိမ်းအကအလှများနှင့် ရှမ်းအိုးစည်ဝိုင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)