တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ‌ ဟောပြောပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

ပုသိမ်  နိုဝင်ဘာ   ၂၆

၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ ဟောပြောပွဲ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပုသိမ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပုသိမ်တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ(ဌာနမှူး)များ၊ အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။

ဟောပြောပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ ဧရာဝတီတိုင်း​ဒေသကြီး၏ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်မြင့်မားရေးအတွက် တက္ကသိုလ်များမှ ပါ​မောက္ခ (ဌာနမှူး) ဆရာကြီး၊ ဆရာမကြီးများနှင့် အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများတွေ့ဆုံ၍ ယနေ့တွင် ဘာသာရပ်ဆိုင်ရာ သိ​ကောင်းစရာ ဟောပြောပွဲများအား ပုသိမ်တက္ကသိုလ်၊ ဟင်္သာတတက္ကသိုလ်နှင့် မအူပင်တက္ကသိုလ်တို့တွင် ဇုန်ကြီး(၃)ဇုန်ခွဲ၍ ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများအား စောစီးစွာ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် အုပ်ချုပ်ရေးအဖွဲ့များ၊ ဆရာ၊ဆရာမများ ပူး​ပေါင်း ကြပ်မတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုနှစ်သည် Grade 12 သင်ရိုးသစ် စတင်သင်ကြား​ဖြေဆိုရမည်ဖြစ်သဖြင့် ဆရာ၊ ဆရာမများက ကြိုးစားသင်ကြားပို့ချပေးလျက်ရှိသည်ကို​တွေ့ရှိရပါကြောင်း၊ ဘက်စုံပညာ​ရေးစနစ်အား အ​ကောင်အထည်​ဖော်နိုင်​ရန် ဆရာ၊ ဆရာမများ၏ စွမ်း​ဆောင်နိုင်မှုသည် အလွန်အ​ရေးပါ​သော အခန်းကဏ္ဍမှ ရပ်တည်​နေပါ​ကြောင်း၊ မိမိတို့ တိုင်းဒေသကြီးသည် အ​​ခြေခံပညာ​ကျောင်းဖွင့်လှစ်မှုအများဆုံး၊ ​ကျောင်းတက်​ရောက်မှုအများဆုံးနှင့် တက္ကသိုလ်ဝင်စာ​မေးပွဲ ​အောင်ချက်​မြင့်မား​သော တိုင်း​ဒေသကြီးဖြစ်ပါ​ကြောင်း၊ ရေခံ၊ မြေခံကောင်းမွန်၍ လူ့စွမ်းအားအရင်းအမြစ်များ ပေါကြွယ်ဝကာ ပညာရေးကဏ္ဍတွင် တိုးတက်မြင့်မားသော တိုင်း​ဒေသကြီး ဖြစ်​သော​ကြောင့် ​ကျောင်းသား၊ ​ကျောင်းသူများ ပညာသင်ယူခွင့်မဆုံးရှုံးစေရေး၊ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းတက်ရောက်စေရေး အတန်းစဉ် ကူးပြောင်းစေရေးအတွက်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခင်နှစ် စနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲအား မဖြေဆို ဖြစ်ခဲ့သူများ၊ ကျရှုံးသူများကိုလည်း ဝင်​ရောက်​ဖြေဆိုခွင့်ပြုထားရာ ​အောင်မြင်စွာ​ဖြေဆိုနိုင်​ရေးအတွက် သင်ကြား​ပေးရမှာ ဖြစ်ပါ​ကြောင်း၊ ​ကျောင်းသားမိဘများအားလည်း တိုက်တွန်းမှုများ ပြုလုပ်ရမှာဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဆရာ၊ ဆရာမများ၏ ဘာသာရပ်ဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပေးမှုများသည် များစွာအသုံး၀င်ပါကြောင်း" အမှာစကား ပြောကြားခဲ့ပြီး တိုင်း​ဒေသကြီးဝန်ကြီးချုပ်က ဆရာ၊ဆရာမများအတွက် ဂုဏ်ပြုထောက်ပံ့ငွေများ အားပေးအပ်ခဲ့သည်။

ဆက်လက်၍ ပုသိမ်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်က တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ ဟောပြောပွဲနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ် တက္ကသိုလ်အတွင်း ဘာသာရပ်အလိုက်ဟောပြော ဆွေးနွေးနေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

ဧရာဝတီတိုင်း​ဒေသကြီး၏ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ‌ ဟောပြောပွဲများကို ဇုန်ကြီး (၃) ဇုန်ခွဲ၍ ကျင်းပ ပြုလုပ်ရာ ပုသိမ်တက္ကသိုလ်တွင် အ​ခြေခံပညာဆရာ၊ ဆရာမ(၂၄၁၆)ဦး၊ ဟင်္သာတ တက္ကသိုလ်တွင် (၉၁၁)ဦး၊ မအူပင်တက္ကသိုလ်တွင် (၁၃၄၈)ဦး စုစု​ပေါင်း ဘာသာရပ်အလိုက် အ​ခြေခံပညာ ဆရာ၊ ဆရာမ (၄၆၇၅)ဦးအား တက္ကသိုလ်များမှ ပါ​မောက္ခ(ဌာနမှူး) ဆရာကြီး၊ ဆရာမကြီးများက ​ဟော​ပြော​​ဆွေး​နွေးပို့ချခဲ့​‌ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)