ကျောင်းကုန်းမြို့ အ.ထ.က(၁)၏ (၃၄)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

ကျောင်းကုန်း နိုဝင်ဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၏ (၃၄)ကြိမ်မြောက်မြတ်ဆရာပူဇော်ပွဲကို လာမည့် တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်၊ ဒီဇင်ဘာလ(၇)ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ပူဇော်ပွဲဖြစ်မြောက်ရေး အကျိုးတော်ဆောင်များ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်ခန့်က အ.ထ.က(၁) အနာဂတ်ပန်းခင်းစာကြည့်တိုက်၌ ကျင်းပပြု လုပ်ခဲ့သည်။

ရှေးဦးစွာ အကျိုးတော်ဆောင်နာယက ဦးကျော်တင် ကမြတ်ဆရာပူဇော်ပွဲ ဖြစ်မြောက်ရေး အကျိုးတော်ဆောင်နာယကကြီး ဦးအုန်းဟန်၊ဦးလေးမောင်၊ဦးမြင့်စိန်နှင့် ဦးအေးသန်း (ကျောင်းကုန်း ဧည့်မှူး)တို့ သေဆုံးသွားမှုအပေါ် ဂုဏ်ပြုမှတ်တမ်းတင်ပြောကြားခဲ့ပြီး ပူဇော်ပွဲဖြစ်မြောက်ရေး အကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး ပြောကြားခဲ့သည်။

ဆက်လက်၍ ရန်ကုန်ကော်မတီ၏ သဘောထားကို ဦးထင်အောင်ဇော်က ပြန်လည်ပြောကြားခဲ့ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဆပ်ကော်မတီ အသီးသီးက ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။ ကိုဗစ်ကာလ မကျင်းပဖြစ်သော မြတ်ဆရာပူဇော်ပွဲကို ယခု ၂၀၂၃ ခုနှစ်တွင် အခမ်းအနားဖြင့် စည်ကားစွာ ကျင်းပသွားမည်ဖြစ်သည်။ (၃၄) ကြိမ်မြောက်တွင် အသက်(၇၅)နှစ်အထက် ဆရာကြီး၊ ဆရာမကြီး (၃၆)ဦးနှင့် အသက်(၇၅)နှစ်အောက်(၉၈)ဦးတို့အား ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)