ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာအသစ်တစ်ဦး ထပ်မံတွေ့ရှိ

လွိုင်ကော် အောက်တိုဘာ ၂၄

ကယားပြည်နယ်အတွင်း အသွားအလာ ကန့်သတ်ခြင်းခံထားရသူများ၏ ဓာတ်ခွဲနမူနာများကို အောက်တိုဘာလ ၂၂ ရက်နေ့တွင် တောင်ကြီးမြို့၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (PHL)သို့ ပေးပို့စစ်ဆေးခဲ့ရာ တောင်ကြီးမြို့၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (PHL)၏ ဆေးစစ်ဆေးချက်အဖြေ ထုတ်ပြန်ချက်အရ ကယားပြည်နယ်မှ ဓာတ်ခွဲနမူနာပေးပို့ထားသူ (၁၁၃)ဦးအနက် ရန်ကုန်မြို့မှ လွိုင်ကော်မြို့သို့ ပြန်လာသည့် ပညာရေးကောလိပ်တွင် Quarantine ဝင်ရောက်နေသူ အမျိုးသမီးတစ်ဦးမှာ ရောဂါပိုးတွေ့ရှိ (ပိုးတွေ့ရှိ)ကြောင်း သိရှိရသည်။

အဆိုပါ ရောဂါပိုးတွေ့ရှိသူအသစ်(၁)ဦးမှာ လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်တွင် နေထိုင်သူ အသက်(၂၆)နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်း စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတွင် သွားရောက် အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်း၊ အဆိုပါစက်မှုဇုန် ရှိ စက်ရုံများအား လွန်ခဲ့သည့် တစ်လခန့်က ပိတ်သိမ်းခဲ့သဖြင့် ၎င်းမှာ ရန်ကုန်မြို့တွင် နေထိုင်ရန် အခက်အခဲရှိသောကြောင့် ရန်ကုန်မှ မိတ်ဆွေဖြစ်သူတစ်ဦး၏ ကားဖြင့် လွိုင်ကော်မြို့သို့ ထွက်ခွာလာခဲ့ရာ (၁၄-၁၀-၂၀၂၀) ရက်နေ့ညနေပိုင်းတွင် ရောက်ရှိပြီး လွိုင်ကော်မြို့ ပီကင်းကောခူဂိတ်မှတစ်ဆင့် ရွှေလွိုင်ကော်ပရဟိတကားဖြင့် လွိုင်ကော်မြို့ ပညာရေးကောလိပ် Quarantine Center သို့ တိုက်ရိုက်ပို့ဆောင်ခဲ့ရာ ပညာရေးကောလိပ်တွင် Quarantine ဝင်ရောက်နေသူ ဖြစ်သည်။

လူနာ၏ လက်ရှိကျန်းမာရေး အခြေအနေမှာ အနံ့မရခြင်း၊ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း စသည့် ကိုဗစ်-၁၉ ရောဂါလက္ခဏာများ မတွေ့ရှိရဘဲ ကျန်းမာရေးကောင်းမွန်လျက် ရှိကြောင်းနှင့် လူနာအား လွိုင်ကော်မြို့ပြည်သူ့ဆေးရုံကြီး သီးသန့်ဆောင်သို့ ပြောင်းရွှေ့၍ စောင့်ကြပ်ကြည့်ရှု ကုသပေးလျက်ရှိပြီး ကယားပြည်နယ်တွင် ယနေ့အချိန်ထိ ကိုဗစ်-၁၉ ပို့တွေ့လူနာ ၂ ဦးရှိပြီးဖြစ်ကြောင်း သိရသည်။

စိုးလှိုင်ဌေး(ပြန်/ဆက်)