ဟားခါး နိုဝင်ဘာ ၂၅
ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာမိသားစုများ၊ တပ်ရင်း /တပ်ဖွဲ့မိသားစုများ၊ ဒေသခံဗုဒ္ဓဘာသာဝင်မိသားစုများ၊ အသင်းအဖွဲ့များ၊ စေတနာရှင် အလှူရှင်များ၏ ၂၀၂၃ ခုနှစ် ၊ စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၅ ရက် နံနက် ၉ နာရီခွဲက ဟားခါးမြို့ အတုလဂုဏ်ရည် သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ဟားခါးမြို့နှင့် ထန်တလန်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဟားခါးမြို့၊ ကျောဘုတ်သာသနာပြု ကျောင်းဆရာတော် ဘဒ္ဒန္တပညောဘာသ (အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ) အရှင်သူမြတ်ထံမှ ဧည့်ပရိသတ် အပေါင်းက ငါးပါးသီလ ခံယူဆောက်တည်၍ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဇျာယ် ချီးမြှင့်တော်မူသော မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် ချင်းပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးသိန်းထွန်းအောင်က ၁၃၈၅ ခုနှစ်ခု၊ စုပေါင်းမဟာဘုံကထိန် ကထိန်ခံကျောင်းဖြစ်သော ဟားခါးမြို့၊ ဇေတဝန်တောရ စာသင်တိုက်နှင့် တရားဓမ္မရိပ်သာကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော် ဒေါက်တာဘဒ္ဒန္တတေဇောသာရ အရှင်သူမြတ်အား ကထိန်လျာဉာတ်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများကိုလည်းကောင်း၊ ဟားခါး-ထန်တလန်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဌ၊ ဟားခါးမြို့၊ ကျောဘုတ်သာသနာပြုကျောင်းဆရာတော်ဘဒ္ဒန္တပညောဘာသ အရှင်သူမြတ်အား ချင်းပြည်နယ် တရားလွှတ်တော်တရားသူကြီး ချုပ်ဦးနေစိုးကလည်းကောင်း၊ ကျန်သံဃာတော် ( ၇ ) ပါးနှင့် သီလရှင် (၃)ပါးတို့အား ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ က အရံသင်္ကန်း၊ သီလရှင်ဝတ်စုံနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။
ယင်းနောက် တက်ရောက်လာကြသော ဧည့်ပရိသတ်အပေါင်းတို့က သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ရန် ဘုံကထိန်ပဒေသာပင်တန်ဖိုးစာရင်းများ ဖတ်ကြားကြေညာခြင်း ၊ ၂၀၂၄ ခုနှစ်တွင် စုပေါင်း မဟာဘုံကထိန် အလှူတော်ကျင်းပနိုင်ရန်အတွက် ကထိန်ခံကျောင်းမဲနှိုက်ခြင်းနှင့် ပင့်သံဃာ ဆရာတော်များအားလှူဒါန်းရန် ပဒေသာပင်များ မဲနှိုက်လှူဒါန်းခြင်းများဆောင်ရွက်ပြီး ဟားခါးမြို့၊ ဇေတဝန်တောရ စာသင်တိုက်နှင့် တရားဓမ္မရိပ်သာကျောင်းတိုက်၏ ဦးစီးပဓာန နာယက ဆရာတော် ဒေါက်တာဘဒ္ဒန္တတေဇောသာရ အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ သံဃာတော်အရှင်သူမြတ်များကို နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။
ယနေ့ ဟားခါးမြို့တွင် ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ် ၊ စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနားတွင် ပဒေသာပင် (၂၆) ခု၊ ပစ္စည်းတန်ဖိုး (၇၀၁၇၈၀၀) ကျပ်နှင့် ငွေသား တန်ဖိုး (၂၃၁၉၈၆၀၀) ကျပ် စုစုပေါင်း တန်ဖိုးငွေကျပ် ၃၀၂၁၆၄၀၀/− ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)