မြဝတီ နိုဝင်ဘာ ၂၅
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှ ကြီးမှူး၍ ရွှေမြဇော် စင်လုံးငှား သုံးဘီးယာဉ်ငယ်အသင်း၏ (၃) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်နှင့် ရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာကို ယမန်နေ့ နံနက် ၈ နာရီတွင် မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ကြခတ္တောဗောဓိကျောင်းတိုက်၌ ကျင်းပသည်။
ရှေးဦးစွာ အလှူရှင်များမှ စုပေါင်းလှူဒါန်းသည့် ငွေပဒေသာပင်နှင့်ပစ္စည်းပဒေသာပင်များကို ရွှေမြဇော် စင်လုံးငှားသုံးဘီးယာဉ်ငယ်အသင်းသားများက မြို့တွင်းသို့ စီတန်းလှည့်လည်၍ ကြခတ္တောဗောဓိကျောင်းတိုက်၌ စုပေါင်းမဟာဘုံကထိန် အလှူတော်ကျင်းပရာ ဦးစီပဓာန နာယကဆရာတော်က တန်ဆောင်မုန်းလတစ်လ တည်းတွင် တစ်ရက်သာ ဆောင်ရွက်ရသည့် ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းရခြင်း၏ အကျိုးတရားကို မိန့်ကြားပေးသည်။
ထို့နောက် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့အား အလှူရှင်များက ကထိန်လျာသင်္ကန်း အစရှိသော ငွေကျပ်သိန်း ၂၀ ကျော် တန်ဖိုးရှိငွေ ပဒေသာပင်ကြီး/သေး ၁၃ ခု၊ ပစ္စည်းပဒေသာပင်၅ ခုတို့ကိုဆက်ကပ် လှူဒါန်းပေးပြီး စတုဒီသာအာဟာရ ထမင်းဟင်းနှင့်အအေးတို့ဖြင့် ဧည့်ခံကျွေးမွေးကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)