ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီး အောင်ပွဲရ ဘားအံပညာရေးဒီဂရီကောလိပ် ကျောင်းသားအားကစားအဖွဲ့အား ဂုဏ်ပြုကြိုဆို၊ ထီလုံကျေးရွာအဝင်ဆိုင်းဘုတ်အသစ်အား ဖွင့်လှစ်

ဘားအံ နိုဝင်ဘာ ၂၅

ပညာရေးဝန်ကြီးဌာန၊ ၂၀၂၃-၂၀၂၄ ခုနှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ (ရန်ကုန်ဇုန်)(ဇုန်-၂)၏ အားကစားပြိုင်ပွဲများတွင် သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး အောင်ပွဲရရှိခဲ့သော ဘားအံပညာရေးဒီဂရီကောလိပ် ကျောင်းသားအားကစားအဖွဲ့သည်  ယမန်နေ့မွန်းလွဲ ၂ နာရီခွဲခန့်က ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့သို့ မော်တော်ယာဉ်များဖြင့် ပြန်လည်ရောက်ရှိလာရာ ဒေသခံတိုင်းရင်းသားပြည်သူများက သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ပြန်လည်ရောက်ရှိသော အောင်ပွဲရဘားအံပညာရေးဒီဂရီပ်ကောလိပ် ကျောင်းသားအားကစားအဖွဲ့အား ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဘားအံပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား၊ သင်တန်းသူများ၊ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ၊ အားကစားဝါသနာရှင် ဒေသခံတိုင်းရင်းသားပြည်သူများက ဘားအံမြို့အဝင်မုခ်ဦးမှစ၍ အိုးစည်ဒိုးပတ်အတီးအမှုတ်အကအခုန်များ၊ ကရင်ရိုးရာယဉ်ကျေးမှုဒုံးအကများ၊ ဘင်ခရာ၊ ပန်းပွားအကများဖြင့် အောင်သပြေကမ်းပန်းကုံးစွပ်၍ သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဖျော်ဖြေရေးအဖွဲ့နှင့် ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ဂုဏ်ပြုပွဲအခမ်းအနားကို ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က အားကစားစိတ်ဓာတ်အပြည့်ဖြင့် ကြိုးကြိုးစားစားယှဉ်ပြိုင်ကစားခဲ့ကြပြီး ထိုက်ထိုက်တန်တန်ပထမဆုကိုအနိုင်ရရှိခဲ့သည့်  အောင်ပွဲရအမျိုးသားဘောလုံးအသင်း၊ ဒုတိယဆုရရှိခဲ့သည့်အမျိုးသမီးဘော်လီဘော အသင်းအစရှိသည့် အားကစားသမားများအနေဖြင့် မိမိကျောင်းတော်ကြီး၏ဂုဏ်၊ ပြည်နယ်၏ဂုဏ်ကို မြှင့်တင်ပေးနိုင်ခဲ့ကြသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ဘားအံပညာရေးဒီဂရီကောလိပ်ကို ကိုယ်စားပြုပြီး သွားရောက်ယှဉ်ပြိုင်ကြသည့် အားကစားသမားမောင်မယ်များအနေဖြင့် မိမိတို့ယှဉ်ပြိုင်ရသည့်အားကစားနည်းအလိုက် အကောင်းဆုံးနှင့်စည်းကမ်းတကျ ကြိုးစားယှဉ်ပြိုင်ခဲ့ကြသည်ဟုယုံကြည်ပြီး ရှေ့ဆက်မည့်လုပ်ငန်းများတွင်လည်း အောင်မြင်မှုများရရှိအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ ပညာရေးတွင်သာမက အားကစားဘက်တွင်လည်း ထူးချွန်ထက်မြတ်သောဆရာများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ဂုဏ်ပြုပြောကြားသည်။

ယင်းနောက် ဘားအံပညာရေးဒီဂရီကောလိပ်အုပ်ချုပ်နည်းပြဆရာတစ်ဦးက ပြိုင်ပွဲအတွေ့အကြုံများကို ရှင်းလင်းပြောကြားပြီး အောင်ပွဲရအားကစားသမားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေ (၂၁)သိန်းကို ကျောင်းအုပ်ဆရာမကြီးနှင့် အောင်ပွဲရအားကစားအဖွဲ့ထံ ပေးအပ်ခဲ့သည်။

ဆက်လက်၍ ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့အား မြို့တော်အင်္ဂါရပ်များနှင့်အညီ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် Green City, Clean City ဖြစ်စေရေး ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများပူးပေါင်း၍ နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းနှင့် ဘုရားစေတီများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှဦးစီး၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား ၁၀၀၀ ဦးခန့်က ခေမာရာမကျောင်းတိုက်၊ တောင်တန်းသာသနာပြု(ဗဟို)ကျောင်းတိုက်၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ ဇမ္ဗူမြိုင်ဘုန်းတော်ကြီးကျောင်းနှင့် သီရိဟေမာသီလရှင်စာသင်တိုက်တို့တွင် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ သစ်ပင်၊ သစ်ကိုင်းများ ရှင်းလင်းခြင်း၊ ခြုံနွယ်ပေါင်းမြက်များခုတ်ထွင် ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေး တူးဖော်ရှင်းလင်းခြင်းတို့ကို ယာဉ်၊ ယန္တရားများ အသုံးပြု၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက အဆိုပါကျောင်းတိုက်များရှိ ဆရာတော်များအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒန်းခဲ့ကြပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်မှုအား လိုက်လံကြည့်ရှုအားပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က သန့်ရှင်းသပ်ရပ်သောပတ်ဝန်းကျင်ကောင်းများအဖြစ် အစဉ်ဖန်တီးပေးကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ်(၁၅)သန်းဖြင့် ကရင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်သော လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာအဝင် ဆိုင်းဘုတ်အသစ်ဖွင့်ပွဲအခမ်းအနားကို နံနက် ၈ နာရီခွဲခန့်က ဘားအံ-လှိုင်းဘွဲကားလမ်းမကြီးနှင့် ထီလုံကျေးရွာလမ်းဆုံ၌ ကျင်းပသည်။

ဆိုင်းဘုတ်အသစ်ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီး ချုပ်ဦးစောမြင့်ဦးက ပအိုဝ်းလူမျိုးအများစုနေထိုင်ကြသည့် ထီလုံကျေးရွာတွင် ရွာအဝင်ဆိုင်းဘုတ်အသစ်ကို ပအိုဝ်းတိုင်းရင်းသားတို့၏ ယဉ်ကျေးမှုလက္ခဏာသင်္ကတေကို ထည့်သွင်းပုံဖော်တည်ဆောက်ပြီး ဖွင့်လှစ်ပေးနိုင်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာနေ့တစ်နေ့ဖြစ်ကြောင်း၊ ရွာအဝင်ဆိုင်းဘုတ်အသစ်ကို မြေဧရိယာ ၃၄၀၀ စတုရန်းပေပေါ်တွင် ပန်းအလှပင်များဖြင့်လှပအောင်စီမံဆောင်ရွက်ထားပြီး ထီလုံကျေးရွာမှကြိုဆိုပါ၏ စာတမ်းကို ပအိုဝ်း၊ မြန်မာ၊ ကရင် သုံးဘာသာဖြင့် သုံးဖက်မြင်ဒီဇိုင်းပြုလုပ်ထားကာ ၎င်းအပေါ်တွင် ပအိုဝ်းယဉ်ကျေးမှုကိုရည်ညွှန်းဖော်ကျူးသော တိုင်းရင်းသားမောင်နှံရုပ်ထုကို ထည့်သွင်းဆောင် ရွက်ထားကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် ရိုးသားဖြူစင်သောပအိုဝ်းတိုင်းရင်းသားတို့၏ဘဝ သာယာငြိမ်းချမ်းပြီး တိုးတက်ကြီးပွားစေရန် အစွမ်းကုန်ကြိုးပမ်းအားထုတ်ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ပအိုဝ်းလူမျိုးတို့၏ စည်းလုံးညီညွတ်မှုအားဖြင့် စိမ်းလန်းစိုပြေလှပသော၊ သာယာဝပြောသော၊ ငြိမ်းချမ်းသော ကရင်ပြည်နယ်ကြီးအဖြစ် အမြန်ဆုံးရောက်ရှိပါစေကြောင်း ပြောကြားသည်။

ထို့နောက် ထီလုံကျေးရွာမှ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်ပအိုဝ်း စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌတို့က ထီလုံကျေးရွာအဝင်ဆိုင်းဘုတ်အသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ ပြည်နယ်ဝန်ကြီးချုပ်က ဆိုင်းဘုတ်အသစ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပအိုဝ်းရိုးရာယဉ်ကျေးမှုအဖွဲ့နှင့် ကရင်ရိုးရာယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း (ပြန်/ဆက်)