သရက်ချောင်း နိုဝင်ဘာ ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁၁)ရက်နေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်းဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို နိုဝင်ဘာလ (၂၃) ရက်နေ့က သရက်ချောင်းမြို့၊ မြို့မရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသော တိုင်းဒေသကြီးသံဃာ့နာယကအဖွဲ့ဝင် ကျောက်မြောင်းတောင်သစ်ကျောင်းတိုက် ဆရာတော်ကြီး ဘဒ္ဒန္ဒအာစရနှင့် ဆရာတော်သံဃာတော်အရှင်သူမြတ် (၁၂) ပါး၊ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ပြည့်ဝန်းနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသော တရားနာဧည့်ပရိသတ်အပေါင်းတို့က နမောတဿ (၃) ကြိမ်ရွတ်ဆိုကာ အခမ်းအနားအား ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးသံဃာနာယကအဖွဲ့ဝင် ကျောက်မြောင်းတောင်သစ်ကျောင်းတိုက် ဆရာတော်ကြီး ဘဒ္ဒန္ဒအာစရထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ဩဝါဒကထာခံယူခြင်း၊ ကြွရောက်လာသော ဆရာတော်သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့်တော်မူပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော်အရှင်သူမြတ်များအား ကထိန်သင်္ကန်း၊ လှူဖွယ်ဝတ္ထုငွေများနှင့် ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် ရပ်မိရပ်ဖများက မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ လှူဒါန်းထားသော ပဒေသာပင် (၁၂) ပင်အား မဲဖောက်ပေးပြီးသက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ဆရာတော်များထံ ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ညောင်ဇင်ကျောင်းသစ် ကျောင်းတိုက်ဆရာတော်ကြီး ဘဒ္ဒန္ဒကောသလထံမှ တရားနာယူခြင်း၊ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေ၍ ဆရာတော်သံဃာတော်များနှင့် တရားနာဧည့် ပရိသတ်အပေါင်းတို့က ဗုဒ္ဓသာဿနံစိရံတိဠတု (၃) ကြိမ်ရွတ်ဆိုကာ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင် (ပြန်/ဆက်)