မကွေး နိုဝင်ဘာ ၂၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက်(၉)ရပ်၏ စီးပွားရေးဦးတည်ချက်တွင် "တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး တို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင် ဆောင်ရွက်ပြီး အခြား စီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး" ဟူသည့် အချက် ပါဝင်ပါ သည်။ နိုင်ငံတော် အနေဖြင့် နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ၏ ကုန်ထုတ်လုပ် ခြင်းများ တိုးတက်အောင် အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ အားပေးမြှင့်တင်မှုကြောင့် ပြည်တွင်း၌ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံ၍ ကုန်ထုတ် လုပ်မှုလုပ်ငန်းများကို ဒေသအသီးသီးတွင် (One Region ၊ One Product) အစီအစဉ်ဖြင့် ကဏ္ဍအလိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီးအတွင်း အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၏ လုပ်ငန်းမှတ်ပုံတင် ခွင့်ပြုချက်ရယူ၍ ဆောင်ရွက်လုပ်ကိုင်နေသော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းအရေအတွက် ၁၁၉၀ ခုခန့်ရှိရာ ချောက်မြို့နယ် စလေမြို့ရှိ Jumjel အမှတ်တံဆိပ် ဇီးဖျော်ရည်၊ မန်ကျည်းဖျော်ရည်လုပ်ငန်း သည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။
Jumjel အမှတ်တံဆိပ် ဇီးဖျော်ရည်၊ မန်ကျည်းဖျော်ရည်လုပ်ငန်းကို ၁၉၉၅ ခုနှစ်က စတင်ပြီး သက်တမ်း ၂၈ နှစ်ရှိပြီဖြစ်ကာ ဒေသခံပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းများနှင့် အိုးမကွာ အိမ်မကွာ မိသားစု ဝင်ငွေတိုးလုပ်ငန်းအဖြစ် ဆောင်ရွက်လုပ်ကိုင်နိုင်ရန် ရည်ရွယ်ပြီး ဇီးဖျော်ရည်၊ မန်ကျည်းဖျော်ရည် လုပ်ငန်းကို ဆောင်ရွက်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။
ဇီးဖျော်ရည်၊ မန်ကျည်းဖျော်ရည် ပြုလုပ်ရန်အတွက် စလေဒေသက ထွက်ရှိတဲ့ ဇီးသီးတွေကို ဝယ်ယူ လုပ်ကိုင်တဲ့အပြင် ကျောက်ပန်းတောင်း၊ ပုပ္ပားဒေသပတ်ဝန်းကျင်က ထွက်ရှိတဲ့ ဇီးသီး၊ မန်ကျည်းသီးများကို ကုန်ကြမ်းဝယ်ယူပြီး အသုံးပြုလျက်ရှိကြောင်း သိရသည်။ ဖျော်ရည် ပြုလုပ်ရာ၌ ဝယ်ယူအသုံးပြုသည့် ဇီးသီး၊ မန်ကျည်းသီးများကို အရည်အသွေး မကောင်းတဲ့အသီးတွေ မပါဝင်အောင် အမျိုးသမီး တွေကို ငှားရမ်း၍ စနစ်တကျ သန့်စင်ပြီး အရည်အသွေးကောင်းမွန်သော ဇီးသီး၊ မန်ကျည်းသီးများကို ဖျော်ရည်အဖြစ် ထုတ်လုပ်ကာ အရည်အသွေး ညံ့တဲ့ ဇီးသီးတွေကို ချောက်မြို့နယ် ဆင်ကရွာမှာရှိတဲ့ ဇီးခွဲစက်ကိုပို့၍ ဇီးခွဲခြမ်းအဖြစ် ကြိတ်ခွဲပြီး စက်ရုံ၌ လောင်စာအဖြစ် အသုံးပြုကြောင်း၊ ဇီးဝတ်စံများကို ဝင်ငွေပြန်ရရှိရေးအတွက် ဆေးဖော်တဲ့နေရာတွင် အသုံးပြုနိုင်ရန် တရုတ်နိုင်ငံကို တင်ပို့ရောင်းချနေရ ကြောင်း သိရသည်။
သန့်စင်ပြီး ဇီးသီး၊ မန်ကျည်းသီးများကို ဖျော်ရည်ပြုလုပ်ရာ၌ FDA ၏ လမ်းညွှန်မှု စည်းကမ်းချက်များနှင့် အညီ စနစ်တကျ စီမံထုတ်လုပ် ခြင်းဖြစ်ကြောင်းနှင့် ဖျော်ရည်စက်ရုံမှ ထုတ်လုပ်ရရှိသော ဇီးဖျော်ရည်၊ မန်ကျည်းဖျော်ရည်များကိုလည်း စားသုံးသူပြည်သူများ ကျန်းမာရေး ဘေးထွက်ဆိုးကျိုး မဖြစ်အောင် ဓာတုပစ္စည်းများကို တစ်ခုမျှ အသုံးပြုဆောင်ရွက်ခြင်းမရှိပဲ ဇီးသီး၊ မန်ကျည်းသီးများ၏ သဘာဝစစ်စစ် အရသာအတိုင်း ထုတ်လုပ်ထားခြင်းကြောင့် လူကြိုက်များကာ မြန်မာပြည်အနှံ့ တင်ပို့ရောင်းချရသည့် အပြင် ပြည်ပနိုင်ငံ များဖြစ်သည့် အမေရိကန်၊ ထိုင်း၊ စင်္ကာပူ၊ ကိုရီးယား စသည့် နိုင်ငံများသို့ ဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်း၊ ယင်း ပြည်နိုင်ငံများသို့ တင်ပို့ရောင်းချ ရာ၌ ထိုင်းနိုင်ငံတွင် လူကြိုက်များပြီး အရောင်းသွက်လျက်ရှိကြောင်း လုပ်ငန်းရှင် မသက်စုဌေးက ရှင်းပြသည်။
ဇီးဖျော်ရည်၊ မန်ကျည်းဖျော်ရည်များကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာ၌ ဖျော်ရည်တစ်ဘူးလျှင် လက်လီ ဈေးနှုန်း ငွေကျပ် ၅၀၀၀/- နှုန်းဖြင့် ရောင်းချနေရပြီး မြန်မာပြည်အနှံ့ အမြို့မြို့အနယ်နယ်ရှိ ဈေးဆိုင်များနှင့် Super Market များအထိ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ယခင်ကတည်းက ဇီးဖျော်ရည်၊ မန်ကျည်းဖျော်ရည်များကို ပြည်ပနိုင်ငံများအထိ ဈေးကွက်ဖြန့်ဖြူးသွားနိုင်ရေး အမေရိကား၊ တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံများမှ ပြုလုပ်ကျင်းပသည့် International Trade Show များသို့ သွားရောက်ပြီး ကုန်ပစ္စည်းမိတ်ဆက် ပြသရောင်းချခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းနှင့် လာမည့် ၂၀၂၄ ခုနှစ်တွင် လည်း အဆိုပါ ပြည်ပနိုင်ငံများ၌ ကျင်းပပြုလုပ်မည့် International Trade Show များသို့ သွားရောက်၍ အခြားသော ပြည်ပနိုင်ငံများကို ဖြန့်ဖြူးရောင်းချသွားနိုင်အောင် ကုန်ပစ္စည်းမိတ်ဆက် ပြသရောင်းချရန် စီစဉ်ထားရှိ ကြောင်း လုပ်ငန်းရှင်က ရှင်းပြသည်။
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တိုင်းဒေသကြီးအတွင်း ကုန်ထုတ်လုပ်မှုစွမ်းအား တိုးတက်မြင့်မား လာစေရန်နှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားစေရန် အတွက် တစ်ပိုင်တစ်နိုင် စီးပွားဖြစ် ဆောင်ရွက်လုပ်ကိုင်နေသည့် အသေးစား၊ အလတ်စား၊ အငယ်စား စီးပွားရေး(MSME)လုပ်ငန်းရှင်များကို လုပ်ငန်းမှတ်ပုံတင်များ ခွင့်ပြုထုတ်ပေးခြင်းအပြင် အရည်အသွေး ကောင်းမွန်သော ထုတ်ကုန်များကို ပိုမိုထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးအတွက် ချေးငွေများ ထုတ်ချေးပေးသည့် လုပ်ငန်းများ ပုံမှန်လည်ပတ်လုပ်ကိုင်နိုင်အောင် ပံ့ပိုးကူညီပေးခြင်း၊ နည်းပညာနှင့် အထောက်အကူပြု ပစ္စည်းများ ပံ့ပိုးကူညီပေးခြင်း၊ အသက်မွေးဝမ်းကျောင်းပညာရပ်သင်တန်းများ ဖွင့်လှစ် သင်ကြားပေးခြင်း တို့ကို ကူညီဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ ထို့အပြင် သက်ဆိုင်ရာဌာနများမှလည်း အသေးစား၊ အလတ်စား၊ အငယ်စား စီးပွားရေး (MSME) လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးသဖြင့် ဒေသတွင်းရှိ တစ်ပိုင်တစ်နိုင် စီးပွားဖြစ် ဆောင်ရွက်လုပ်ကိုင်နေသော (MSME) လုပ်ငန်းများအတွက်များစွာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
သို့ဖြစ်ရာ ချောက်မြို့နယ် စလေမြို့၌ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းဖြစ်သည့် Jumjel အမှတ်တံဆိပ် ဇီးဖျော်ရည်၊ မန်ကျည်းဖျော်ရည် လုပ်ငန်းကို ဒေသတစ်ခု၊ ထွက်ကုန်တစ်ခု One Region One Product အဖြစ် ဒေသထွက်ကုန်ကြမ်းပစ္စည်းများကို အသုံးပြု၍ ခေတ်မီနည်းပညာ ဖြင့် ပေါင်းစပ်ကာ အရည်အသွေးကောင်းမွန်သော စားသောက်ကုန်ပစ္စည်း အမယ်တစ်မျိုးအဖြစ် ထုတ်လုပ်ကာ ပြည်တွင်း၌ သာမက ပြည်ပ နိုင်ငံများအထိပါ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေရ၍ ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက်ပါ အထောက်အပံ့ကောင်း များ ရရှိလာစေမည်ဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)